တရုတ်သို့ လယ်ယာထွက်ကုန်များအပါအဝင် တိရိစ္တာန်အရှင်များတင်ပို့ရန် ညှိနှိုင်းနေ

0
170

တရုတ်သို့ လယ်ယာထွက်ကုန်များ အပါအဝင် တိရိစ္တာန်အရှင်များနှင့် အခြားပို့ကုန်များအတွက်သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး လန်ချန်း – မဲခေါင် နိုင်ငံများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး မြှင့်တင်ခြင်းစီမံကိန်းမိတ်ဆက်ပွဲမှ သိရခြင်းဖြစ်သည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင် အဖွဲ့ (GACC) တို့အကြား အပင်ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ် (SPS Protocol) များ လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။

ယင်းတွင် ဆန်၊ ပိုးအိမ်ခြောက်၊ ပြောင်းနှင့် ငှက်ပျောသီးနှံများ တင်ပို့ခြင်း၊ မွေးမြူရေးနှင့် သဘာဝမှ ဖမ်းဆီးရရှိသည့်ရေထွက် ပစ္စည်းတင်ပို့ခြင်း၊ တရုတ်နိုင်ငံသို့ ကျွဲ၊ နွားအရှင် တင်ပို့ရေးနှင့် သက်ဆိုင်သော သဘောတူညီမှု တို့ပါဝင်ပြီး အခြားပို့ကုန်များအတွက် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား လက်မှတ်ရေးထိုးပြီးဖြစ်သည့် အပင်ပိုးမွှားရောဂါ ကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်များနှင့် နောင်တွင်လက်မှတ်ရေးထိုးမည့် သဘောတူ စာချုပ်များဆိုင်ရာ လယ်ယာထွက်ကုန်များ ၏ ဈေးကွက်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရန်ရည်ရွယ်ဆောင်ရွက်သည့် အဆိုပါ စီမံကိန်းတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး လုပ်ထုံးလုပ်နည်းများ လေ့လာဆန်းစစ်နိုင်ရန်၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ပါဝင်ပတ်သက်သူများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်စေရန်စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် တောင်သူ လယ်သမားများ၊ ကုန်သည်နှင့် လက်ကားရောင်းချသူများ အပါအဝင် ကုန်သွယ်မှုတွင် ဆက်စပ်သော ပြည်တွင်းအဖွဲ့အစည်းများ၏ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးဆိုင်ရာ နည်းပညာနှင့် အသိပညာတိုးမြှင့် လာနိုင်စေရန်၊ မြန်မာနိုင်ငံရှိ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးကို အထောက်အကူပေးနိုင်ရန် ရည်ရွယ်ချက်များလည်း ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here