မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းတည်ဆောက်ရေးစီမံကိန်း ၉၄ ရာခိုင်နှုန်းခန့် ပြီးစီး

0
160

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့်အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Centers for Disease Control and Medical Training Center – Myanmar CDC) တည်ဆောက်ရေးစီမံကိန်း ၉၃ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ယခု တည်ဆောက်လျက်ရှိသည့် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Centers for Disease Control and Medical Training Center)သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း တစ်ခုဖြစ်ပြီး ဇီဝလုံခြုံမှုအဆင့်-၃ (Biosafety Level 3)အထိရှိသော ဓာတ်ခွဲခန်းများ အပါအဝင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးစနစ်များပါရှိသော သုံးထပ်ရောဂါကာကွယ်ထိန်းချုပ်ရေး အဆောက်အအုံ၊ သင်တန်းသား သင်တန်းသူ ၂၀၀ ခန့်ထားရှိ၍ လေ့ကျင့်သင်ကြားပေးနိုင်မည့် သုံးထပ်ကျန်းမာရေး သင်တန်းကျောင်းအဆောက်အအုံနှင့် နှစ်ထပ်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံတို့ ပါရှိမည်ဖြစ်ကြောင်း သိရသည်။

ဤစီမံကိန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၏ ပြယုဂ်တစ်ခုအဖြစ် ထင်ဟပ်စေမည့် နိုင်ငံတကာအဆင့်မီ စီမံကိန်း လည်းဖြစ်ကြောင်း၊ Myanmar CDC စတင်ဖွင့်လှစ်၍ လုပ်ငန်းများလည်ပတ်နိုင်ချိန်တွင် မြန်မာနိုင်ငံအတွက်သာမက အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများအတွက်ပါ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အကျိုးရှိစေနိုင်မည့် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနတစ်ခုဖြစ်စေရန် ရည်ရွယ်ထားရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းကဆိုသည်။

ယခုအခါ တည်ဆောက်မှု လုပ်ငန်းများ၏ ၉၃ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး မကြာမီကာလတွင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

Myanmar CDC တွင် တာဝန်ထမ်းဆောင်ကြမည့် ဓာတ်ခွဲဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများအား ပြည်တွင်း၌ လည်းကောင်း၊ ပြည်ပအတွေ့အကြုံရရှိနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စေလွှတ်၍ လည်းကောင်း လေ့ကျင့်သင်တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများအချိန်မီ ပြီးစီးရေးအတွက် လိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here