ကန်ဒေါ်လာ ၁၈သန်းကျော်နှင့် ကျပ် တစ်သောင်းသန်းနီးပါးရှိ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းအသစ် (၇)ခုကို လာရောက်မည်

0
129

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၂၂၂ သန်းနှင့် ကျပ် ၉၉, ၆၈၃ ဒသမ ၁၂၂ သန်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် (၇) ခုကို ခွင့်ပြုပေးလိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

ယင်းအစည်းအဝေးကို နေပြည်တော်ရှိ ရုံးအမှတ် (၁၈)၊ အစည်းအဝေးခန်းမ၌ မတ်လ (၆)ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတို့မှ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း အသစ် (၇) ခု ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၂၂၂ သန်းနှင့် ကျပ် ၉၉,၆၈၃ ဒသမ ၁၂၂ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁,၃၆၉ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း အစည်းအဝေးမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

စီးပွားရေးကဏ္ဍ (၁၂) ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်း ရင်း နှီး မြှုပ်နှံမှု၏ ၂၈ ဒသမ ၄၉ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၅ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် အသီးသီး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here