လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိတောင်ကမ်းပါးယံအချို့ မိုးရေတိုက်စားမှု ကြောင့်မြေပြိုကျမှုဖြစ်ပေါ်ခဲ့

0
123

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ အနောက်ဖက်တောင်ကမ်းပါးယံအချို့ မိုးရေတိုက်စားမှုကြောင့် မြေသားပြိုကျခြင်းများရှိသည့်အတွက် ပြုပြင်ထိန်းသိန်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း၌ တောင်းကမ်းပါးယံအချို့ ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာ-ဝမ်ပေါင် ကုမ္ပဏီက မတ်လ (၅) ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြေသားပြိုကျခြင်းသည် စီမံကိန်းလုပ်ငန်း ပိတ်သိမ်းထားပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း ကုမ္ပဏီ၏ Mining ဌာနမှ သက်ဆိုင်ရာ ဌာနများနှင့်အတူ ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မိုင်းတွင်း ဧရိယာ လုံခြုံရေးလုပ်ငန်းများကို သေချာထိရောက်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ကုမ္ပဏီမှ အသိပေးထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းတွင် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၏ Purchase & Supply ဌာနသည် ကုန်ပစ္စည်းများစစ်ဆေးခြင်း၊ စာရင်းဇယားများ ပြုစုခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဟင်းလင်းပြင်နေရာ၌ သိုလှောင်ထားသော HDPE ပိုက်များကို စစ်ဆေး၍ စာရင်းပြုစုခြင်းထားကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ အကြီးအကဲများ ဦးဆောင်၍ သက်ဆိုင်ရာဌာန အသီးသီးရှိ တာဝန်ခံများနှင့်အတူ လုံခြုံမှုစစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here