ရွှေဈေး၊ ငွေဈေးကစားပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကို ဥပဒေနှင့်အညီအရေးယူသွားမည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌပြော

0
208

ဈေးကွက်အတွင်း၌ ရွှေဈေး၊ ငွေဈေးကစားပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကို ဥပဒေနှင့်အညီအရေးယူသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်း‌သန်းဆွေက ပြောသည်။

ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား မတ်လ (၆) ရက် နံနက် (၁၀) နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွှေဈေးကွက်တွင် စနစ်တကျရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် ဈေးနှုန်းအခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင်ဆောင်ရွက်နိုင်သည့် ဈေးကွက်ဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိပြီး ရွှေဈေး၊ ငွေဈေးကစားပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ ကြီးကြပ်အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဖွဲ့ဝင်များ အနေဖြင့် လက်ရှိလုပ်ဆောင်ချက်များ၊ ကြီးကြပ်မှုများကို ပြန်လည်စိစစ်ရန်နှင့် စနစ်တကျ ထိန်းကျောင်းသွားရန်လိုအပ်ကြောင်းလည်း ၎င်းကပြောသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ရွှေရောင်းဝယ်ရာ၌ မသမာမှုပြုလုပ်၍ ဈေးကစားမှုများအပေါ် ကြီးကြပ်အရေးယူမှုများဆောင်ရွက်နိုင်ရန် တည်ဆဲဥပဒေများနှင့်အညီ အမိန့်ထုတ်ပြန်ရာတွင် အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်နိုင်ရေးအတွက် အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ရန်တင်ပြခဲ့ကြောင်း သိရသည်။

အလားတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကလည်း သက်ဆိုင်ရာဌာနများအနေဖြင့် ရည်ညွှန်းရွှေဈေးနှုန်းထုတ်ပြန်ပြီး ကျော်လွန်ရောင်းချသူ များအားအရေးယူနိုင်မည့် နည်းလမ်းများကို လည်းကောင်း၊ အစည်းအဝေးတက်ရောက်လာသူများက လိုအပ်သည့်အမိန့်များထုတ်ပြန်ရာတွင် ဦးစီးဆောင်ရွက်မည့် ဝန်ကြီးဌာန၊ ဆက်လက်ထိန်းချုပ်ကြီးကြပ်ကွပ်ကဲမည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များကို သေချာစွာစနစ်တကျ ချမှတ်ဆောင်ရွက်သွားရမည့် အခြေအနေများကို လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြင်ပရွှေဈေးသိန်း (၄၀) ကျော်ထိရှိလာပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးမှာလည်းတစ်ကျပ်သား (၃၈)သိန်းနီးပါးအထိရှိလာပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here