မြန်မာမှ သီရိလင်္ကာသို့ ကန်ဒေါ်လာ ၁.၅ သန်း တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများ ကူညီထောက်ပံ့ပေးသည့် အတွက် ကျေးဇူးတင်ကြောင်း သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး ပြောကြား

0
237

မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁.၅ သန်း တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများ ကူညီ ထောက်ပံ့ပေးသည့်အတွက် နိုင်ငံတော် ဝန်ကြီးချုပ်နှင့်တကွ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာပြည်သူ ပြည်သားများ အားလုံးအား ကျေးဇူးအထူး တင်ရှိပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P. Bandara က ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံမှ တာဝန်များပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P. Bandara အား မတ်လ (၆)ရက်က နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ၎င်းက ကျေးဇူးအထူးတင်ရှိကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံသို့ အမေရိကန် ဒေါ်လာ ၁.၅ သန်း တန်ဖိုးရှိသည့် ဆေးနှင့် ဆေးပစ္စည်းများအား မိမိတို့ အခက်အခဲရှိသည့် အချိန်တွင် ကူညီထောက်ပံ့ပေးသည့်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာပြည်သူပြည်သားများအား ကျေးဇူးအထူးတင်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးမှ ပြောကြားခဲ့သည်။

ထို့နောက် နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အထူးသဖြင့် ပြည်သူ့ကျန်းမာရေး ကဏ္ဍ၊ တိုင်းရင်းဆေးပညာ ကဏ္ဍ၊ ပုဂ္ဂလိက ကျန်းမာရေး ကဏ္ဍတို့တွင် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ကျန်းမာရေး ပညာရပ်ဆိုင်ရာ အတွေ့အကြုံ အသိပညာများ အပြန်အလှန် နှီးနှောဖလှယ်ရေး ကိစ္စရပ်များ၊ အနာဂတ်ကာလတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ အစရှိသည်တို့အား ရင်းနှီးခင်မင်စွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲအပြီးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးတို့ အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန)၊ ဒုတိယ အမြဲတမ်းအတွင်းဝန် (ပြည်ထောင်စု ဝန်ကြီးရုံး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P. Bandara အား နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မတ်လ (၅)ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်လည်း မတ်လ (၅) ရက်၊ နေ့လယ် (၁) နာရီအချိန်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here