မတ်လ (၆) ရက် တစ်ရက်တည်း နေရာ (၃)နေရာ၌ ကားမီးလောင်မှု (၃)ကြိမ် ဖြစ်ပွား

0
160

မတ်လ (၆) ရက် တစ်ရက်တည်းအတွင်း နေရာ (၃)နေရာ၌ ကားမီးလောင်ကျွမ်းမှု (၃)ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဖြစ်စဉ်များမှာ မတ်လ (၆)ရက် ညနေ (၅)နာရီ (၂၈)မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း(မြောက်)ရပ်ကွက်၊ ဗဟိုလမ်းနှင့် ဗားကရာလမ်းထောင့်တွင် အငှားယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးသတ်ကားသံတွေ ကြားတော့ လန့်သွားတာပေါ့။ ဒီလပိုင်းတွေမှာလည်း မီးလောင်မှုဖြစ်စဉ်တွေက တော်တော်ကြားနေရတယ်။ စမ်းချောင်းမှာ အဲ့ဒီ အငှားယာဉ် မီးလောင်တဲ့ နေရာက ဓါတ်ဆီဆိုင်နဲ့လည်း မီးပွိုင့်ပဲခြားတယ်”ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ အသက်ကြီးပိုင်း အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ ကားမီးလောင်မှု သတင်းအရ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး ညနေ (၅)နာရီ (၃၁) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မတ်လ (၆)ရက်၊ ညနေ (၃)နာရီ၊ (၅၀)မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ၆၅ ရပ်ကွက်၊ သိမ်ကျောင်းလမ်းဆုံတွင်လည်း အငှားယာဉ် တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းခဲ့ရကြောင်း သိရသည်။

အလားတူ မတ်လ (၆) ရက်၊ နံနက် (၆)နာရီ (၃၅)မိနစ်အချိန်ကလည်း ရန်ကုန် – မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားရာ မီးသတ်ယာဉ် (၁၀) စီးဖြင့် အချိန်(၁)နာရီခန့် ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၇)နာရီခွဲအချိန်တွင် မီးငြိမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here