ပြည်ပဝယ်လိုအား ကောင်းမွန်လာသည့်အတွက် အစေ့ထုတ်ပြောင်းနှင့်မတ်ပဲ ဈေးကောင်းရနေ

0
231

ပြည်ပဝယ်လိုအား ကောင်းမွန်လာသဖြင့် အစေ့ထုတ်ပြောင်း၊ မတ်ပဲ စသည့် လယ်ယာထွက်ကုန်များ ဈေးကောင်းရနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၏ ပြောကြားချက်အရ သိရသည်။

မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး လန်ချန်း – မဲခေါင်နိုင်ငံများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး မြှင့်တင်ခြင်းစီမံကိန်းမိတ်ဆက်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် “မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး လန်ချန်း- မဲခေါင်နိုင်ငံများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး မြှင့်တင်ခြင်းစီမံကိန်း” မိတ်ဆက်ခြင်းအခမ်းအနားကို နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော လယ်ယာ၊ သား၊ ငါး ထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်တိုးချဲ့နိုင်ရေးတို့ကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးသည် အရေးပါသည့် သော့ချက်တစ်ခုဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

ပြည်ပဝယ်လိုအား ကောင်းမွန်လာသဖြင့် ဈေးကောင်းရသော အစေ့ထုတ်ပြောင်း၊ မတ်ပဲ စသည့် လယ်ယာထွက်ကုန်များနှင့် ရေထွက်ကုန်ပစ္စည်းများကို တောင်သူများ တိုးချဲ့ထုတ်လုပ်လျက်ရှိရာ ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရန် စီစဉ်ပေးနိုင်သည်နှင့်အမျှ ထုတ်လုပ်သူတောင်သူများနှင့်အတူ ဝယ်လိုအား၊ ရောင်းလိုအား ကွင်းဆက်တစ်လျှောက် ပါဝင်ပတ်သက်သူများအားလုံး အကျိုးအမြတ်ခံစားရမည်ဖြစ်သကဲ့သို့ နိုင်ငံစီးပွားရေးကိုလည်း များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် ကုန်သွယ်ဖက် နိုင်ငံများနှင့် အချင်းချင်း လိုက်လျော ညီထွေမှုရှိစေရန်နှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရန်တို့အတွက် ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များ၊ စည်းကမ်းသတ်မှတ်ချက်များ၊ စံချိန်စံညွှန်း သတ်မှတ်ချက်များကို အပြန်အလှန်လိုက်နာကြရန်လည်း လိုအပ်ကြောင်း၊ မြန်မာနိုင်ငံမှ လယ်ယာ၊ သား၊ ငါး ကဏ္ဍထုတ်ကုန်များ၏ ကုန်သွယ်မှုအခြေအနေများနှင့် တွေ့ကြုံရသော အခက်အခဲ များကို လေ့လာ၍ အဖြေရှာခြင်းကို ယခုစီမံကိန်းမှ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပြီး အမှန်လေ့လာသိရှိရသည့် ရလဒ်များအပေါ် အခြေခံ၍ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးကို အထောက်အကူပြုနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းသွားကြရန်လည်း တိုက်တွန်းထားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စီမံကိန်း ၃၅ ခုကို ၂၀၁၇ ခုနှစ် မှစတင်၍ ၂၀၂၃ ခုနှစ်အထိ အကောင်အထည်ဖော်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၈ သန်း ရရှိခဲ့ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၉ သန်းဖြင့် ၂၀၂၃ ခုနှစ်အတွက် စီမံကိန်း လေးခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here