ဈေးကွက်အတွင်း ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချပါက ထောင်ဒဏ်ချမှတ်သည်အထိ အရေးယူမည်

0
178

ဈေးကွက်အတွင်း ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ခြင်း၊ဈေးကစားရန်သို‌လှောင်ခြင်း ပြုလုပ်ပါက ထောင်ဒဏ်ချမှတ်သည်အထိ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

အထက်ပါ ပစ္စည်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထုတ်ပြန်ခဲ့သော ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၂၀)ဖြင့် အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။

ယင်းအမိန့်ကြော်ငြာစာ၏ အပိုဒ် (၂)တွင်ဖော်ပြချက်အရအရေးကြီးကုန်စည်များကို ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် တားမြစ်ထားသည်။

အဆိုပါ အရေးကြီးကုန်စည်များကို ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းသို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅)နှင့်အညီ ပြစ်မှုကြောင်းအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) သတ်မှတ်ချက်တွင် အရေးကြီး ကုန်စည်များနှင့် ပတ်သက်၍ အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရပါက ထိုသူအား အနည်းဆုံးထောင်ဒဏ် (၆) လမှ အများဆုံးထောင်ဒဏ် (၃) နှစ်အထိချမှတ်နိုင်ပြီးကျပ် (၅) သိန်းထက် မပိုသောငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့် Corona virus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် ဆေးဝါးများကို ဈေးနှုန်းမြှင့်တင်ခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း မပြုကြရန်လည်း အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here