နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ၏ အင်အားကို ရယူမည်ဟု ‌ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

0
197

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ၏ အင်အားကိုပါရယူပြီး လိုအပ်သည့် ကဏ္ဍတွေမှာ ပါဝင်ခွင့်ပေးရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ မတ်လ (၈) ရက် တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ ပေးပို့သည့် အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးများ၏ စွမ်းပကားကို အခြေပြုပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် နေရာများတွင် စွမ်းစွမ်းတမံ ပါဝင်ခွင့်ရရှိစေရန် ဆောင်ရွက်ပေးမည်ဟုလည်း ၎င်းကဆို သည်။

၂၀၂၀ ပြည့်နှစ်မှစ၍ ကိုဗစ် ၁၉ ကပ်ရောဂါ၊ ပထဝီနိုင်ငံရေး ဆိုင်ရာပဋိပက္ခ၊ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များနှင့် စီးပွားရေးဆိုင်ရာ မတည်ငြိမ်မှုများသည် ကမ္ဘာ့လူဦးရေ ၇၅ သန်းကျော်ကို ဆင်းရဲမွဲတေမှုဆီသို့ တွန်းပို့ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် အဆိုပါ အခြေအနေများအား လိုအပ်သည့်တုံ့ပြန်ချက်တွေ မဆောင်ရွက်နိုင်ပါက ကမ္ဘာပေါ်ရှိ အမျိုးသမီးနှင့် မိန်းကလေးငယ် ၃၄၂ သန်းကျော်သည် ၂၀၃၀ ပြည့်နှစ်တွင် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်ကို ရောက်ရှိရန် ဦးတည်နေကြောင်း နစက ဥက္ကဋ္ဌက အသိပေး ပြောကြားသွားသည်။

မြန်မာအမျိုးသမီးများသည် မိသားစုအတွင်း၊ ရပ်ရွာလူမှု အဖွဲ့အစည်းအတွင်းသာမက နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များတွင် အမျိုးသားများနှင့် တန်းတူ အကျိုးပြုနိုင်သူများ ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ စာတတ်မြောက်မှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်မှာ ၇၃ ရာခိုင်နှုန်းရှိရာမှ ၂၀၂၃ ခုနှစ်မှာ ၈၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာပြီ ဖြစ်ပြီး အမျိုးသမီးများ အတွက် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံပေးခြင်း၊ အတန်းပညာ မသင်ယူနိုင်သည့် အမျိုးသမီးငယ်နှင့် အမျိုးသမီးများအတွက် ၎င်းတို့ရဲ့ ဘဝကောင်းမွန်စွာ ရပ်တည်နိုင်ဖို့အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူနိုင်ရေး ပံ့ပိုးပေးရမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌကဆိုသည်။

ထို့အပြင် နိုင်ငံတော်အနေဖြင့် အမျိုးသမီးများ အများစုပါဝင် လုပ်ဆောင်နိုင်မည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည့် အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍအလိုက် လိုအပ်သည့် ကျွမ်းကျင်မှုများရရှိစေရန် ဆောင်ရွက်ပေးနေကြောင်းလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ဒုတိယသက်တမ်း (၂၀၂၃-၂၀၃၂)ကို ရေးဆွဲလျက်ရှိပြီး အတည်ပြုပြီးသည့်အချိန် အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လည်း နစက ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here