မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ကိုယ်စားလှယ်လောင်းစာရင်းထွက်လာ ၊ ဥက္ကဋ္ဌ နေရာအတွက် ဦးဇော်ဇော်တစ်ဦးသာ ဝင်ပြိုင်

0
207

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)နှင့် အာရှဘောလုံး အဖွဲ့ချုပ်တို့မှ အသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ရွေးကောက်ပွဲစည်းမျဉ်းများအတိုင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့်အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲ (၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်ထိ ၄ နှစ်သက်တမ်း)ကို ၂၀၂၄ ခုနှစ် မတ်လ ၃၀ ရက် (စနေနေ့)တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ (၄)နှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်နေရာများ ရွေးချယ်ရာတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌနေရာအတွက် ၁ ဦး၊ ဒုတိယ ဥက္ကဋ္ဌ နေရာအတွက် ၃ ဦး (အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၁ ဦး)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် (၆) ဦး၊ မြန်မာနေရှင်နယ်လိဂ်-၁ အတွက် (၃) ဦး၊ မြန်မာနေရှင်နယ်လိဂ်-၂  အတွက် (၁) ဦး၊ ဒိုင်ကော်မတီအတွက် (၁) ဦး၊ နည်းပြကော်မတီအတွက် (၁) ဦး၊ ကစားသမား ကော်မတီအတွက် (၁) ဦး၊ အမျိုးသမီးဘောလုံး ကော်မတီအတွက် (၁) ဦး၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီအတွက် (၁) ဦး၊ စုစုပေါင်း ၁၉ ဦး ရွေးကောက်တင်မြှောက်သွားမည် ဖြစ်ကြောင်းသိရသည်။

ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရန် လျှောက်လွှာများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်မှ (၂၉) ရက်အထိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံး တည်ရှိရာ(Goal Hotel၊ ဝေဇယန္တာလမ်း၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်) ရွေးကောက်ပွဲ ကော်မရှင် ရုံးခန်းတွင် ကိုယ်တိုင်တင်သွင်း ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို မတ်လ (၈) ရက်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌ နေရာအား ယခင် ဥက္ကဋ္ဌဟောင်း ဦးဇော်ဇော်တစ်ဦးတည်းကသာ ပြိုင်ဘက်မရှိ အမည်စာရင်းတည်သွင်းထားသည်ကို တွေ့ရသည်။

ထို့အပြင် ဒုတိယ ဥက္ကဋ္ဌ (၂) ဦးနေရာအနက် အမျိုးသား နေရာ၌ ဦးပြည့်ဖြိုးတေဇနှင့် ဦးထိပ်ခွန်နောင်မြင့်ဝေ၊ အမျိုးသမီးနေရာတွင် အမျိုးသမီးဘောလုံး‌ကော်မတီဝင်လည်းဖြစ် အမျိုးသမီးဘောလုံး ဆေးဘက်ဆိုင်ရာအကြံပေးလည်း ဖြစ်သည့် ဒေါက်တာခင်စောဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ထားသည်ကို တွေ့ရသည်။

အလားတူ မြန်မာနေရှင်နယ်လိဂ်-၁ အတွက် (၃) ဦး နေရာကို မြန်မာနေရှင်နယ်လိဂ်ဥက္ကဋ္ဌလည်းဖြစ် ၊ ရခိုင်ယူနိုက်တက် အက်ဖ်စီ၏ ပူးတွဲပိုင်ရှင်လည်း ဖြစ်သည့် ‌ဦးဇော်မင်းသိန်း ၊ ဦးကျော်ဦး (CEO – ISPE FC) နှင့် ရခိုင်ယူနိုက်တက် အက်ဖ်စီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးလှကျော်ဝင်း တို့ကလည်းကောင်း ၊မြန်မာနေရှင်နယ်လိဂ်-၂ အတွက် (၁) ဦးနေရာကို GFA FC ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးထောင်းထာထန်းကလည်းကောင်း အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။

ထို့အပြင် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီအတွက် (၁) ဦး နေရာကို ဒေါက်တာရဲမွထွဋ်၊  ဦးကြည်မင်းသိန်း ၊ ဦးနိုင်သောင်ထိုက်၊ ဦးချစ်ထွန်းဝေနှင့် ဦးဝင်းသော်တို့ကလည်းကောင်း ၊ အထက်မြန်မာပြည်အတွက် (၃) ဦးနေရာကို ဦးလအောင်၊ ဦးမင်းနောင်၊ ဦးကျော်စွာထွန်းနှင့် ဦးစောငြိမ်းတို့ကလည်းကောင်း ၊ အောက်မြန်မာပြည်အတွက် (၃) နေရာကိုဒေါက်တာထက်ခိုင်ဝင်း ၊ဦးသင်းမောင်စိုး နှင့် ဦးဝင်းကိုကို တို့ကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ထားကြောင်း သိရသည်။

ထို့အပြင် ဒိုင်လူကြီးအနေဖြင့် ဦးလှတင့်၊  ဦးဝင်းသီဟ၊ ဦးခင်မောင်ဝင်း တို့ကလည်းကောင်း ၊ နည်းပြဆရာနေရာအတွက် ဦးစိုးမြတ်မင်း၊ လက်ရွေးစင်ကစားသမား (၁) ဦးအတွက် ဦးသီဟစည်သူ ၊ အမျိုးသမီးဘောလုံးကစားသမား နေရာအတွက် ဒေါ်သိန်းသိန်းအေးတို့က ဝင်ရောက် ယှည်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here