အိန္ဒိယဘက်ရောက် မြန်မာစစ်ဘေးရှောင်တွေကို နေရပ်ပြန်ပို့

0
165

မကြာသေးခင်က နယ်စပ်ဒေသမှာ မြန်မာ့တပ်မ​တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို အိန္ဒိယအစိုးရက မတ်လ ၈ ရက်မှာ စတင်နေရပ်ပြန်ပို့နေတယ်လို့ ပြည်နယ်ထိပ်တန်းအရာရှိတစ်ဦးက ပြောဆိုပါတယ်။

“အိန္ဒိယဘက် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဒီနေ့ ပထမအသုတ် နေရပ်ပြန်ပို့လိုက်ပါတယ်” လို့ မြန်မာနဲ့နယ်စပ် မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် မစ္စတာ အန်ဘီရန်ဆင်းက ပြန်ပို့လိုက်တဲ့ လူဦရေးအတိကျမဖော်ပြဘဲ ဆိုရှယ်မီဒီယာ X ပေါ်မှာ တင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းမှာ လက်မှတ်ရေးထိုးထားခြင်း မရှိပေမယ့် လူသာချင်း စာနာထောက်ထားမှုအခြေအနေအရ မြန်မာနိုင်ငံတွင်း အကျပ်အတည်းမှ ထွက်ပြေးလာသူတွေကို စနစ်တကျစီမံကိုင်တွယ်မှုဖြင့် ခိုလှုံစရာနဲ့ အကူအညီတွေ ပေးခဲ့တယ်လို့ မစ္စတာဆင်းက ပြောဆိုပါတယ်။

မြန်မာဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယရဲ့ ဝေးလံသီခေါင်တဲ့ အရှေ့မြောက်ပိုင်းပြည်နယ် မဏိပူရ်သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အရပ်သားတွေ ထောင်ချီရှိနေတယ်လို့ ဆိုပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေအများစုပါဝင်တဲ့ မြန်မာနိုင်ငံသားတွေကို ပြန်စေလွှတ်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို မစ္စတာဆင်းက ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့ပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဇုန်တွေမှာ နေထိုင်သူတွေကို နှစ်ဖက်ပိုင်နက်အတွင်း ဗီဇာမလိုဘဲ ခရီးတိုသွားလာခွင့်ပြုထားတဲ့ လွတ်လပ်စွာသွားလာလှုပ်ရှားမှု သဘောတူညီချက်တစ်ခုကို ချက်ချင်း အဆုံးသတ်ဖို့ အိန္ဒိယဗဟိုအစိုးရက တောင်းဆိုမှုတွေရှိလာပြီးနောက်မှာ အခုလို နေရပ်ပြန်ပို့မှုတွေ လုပ်လာခဲ့တာဖြစ်ပါတယ်။

အိန္ဒိယဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်တလျှောက် ၁၆၄၃ ကီလိုမီတာအရှည်ကို ခြံစည်းရိုးခတ်မှုတွေလုပ်နေတယ်လို့လည်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here