MAI လေကြောင်းလိုင်းမှ ချင်းမိုင်၊ ဗီယင်ကျန်းနှင့် ဒါကာမြို့တို့သို့ ခရီးစဉ်တိုးချဲ့ပြေးဆွဲမည်

0
168

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ပြည်ပ ခရီးစဉ် (၂၁)ခု ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ချင်းမိုင်၊ ဗီယင်ကျန်းနှင့် ဒါကာမြို့တို့သို့ ခရီးစဉ်အသစ်များအဖြစ် တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

မတ်လ (၈)ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပသည့် MAI Flight Forward အခမ်းအနားတွင် MAI ၏ Acting Chief Executive Officer and Chief Commercial Officer Mr. Tanes Kumar က ပြောကြားခဲ့ခြင်း ဖြစ်သည်။

MAI အနေဖြင့် ခရီးစဉ်သစ်များဖြစ်သည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်းသို့ ၂၀၂၄ ခုနှစ် ဧပြီ (၃)ရက်မှ စတင်၍ အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် လည်းကောင်း၊ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့သို့ ၂၀၂၄ ခုနှစ် မေ (၄)ရက်မှ စတင်၍ အပတ်စဉ် အင်္ဂါနှင့် ကြာသာပတေးနေ့တို့တွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။    

ထို့အပြင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ ဒါကာမြို့သို့ ၂၀၂၄ ခုနှစ် မေ (၈)ရက်မှ စတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် တနင်္ဂနွေနေ့တိုင်း၊ UAE နိုင်ငံ ဒိုဟာမြို့သို့ ၂၀၂၄ ခုနှစ် ဇွန်လ (၁)ရက်မှ စတင်၍ အပတ်စဉ် အင်္ဂါနှင့် စနေနေ့တိုင်း အသီးသီးပြေးဆွဲသွားမည်ဟုဆိုသည်။

အလားတူ ဒူဘိုင်း၊ ကွမ်ကျိုးနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်များသို့လည်း အကြိမ်ရေထပ်တိုး ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ခရီးသည်တွေနဲ့ မိတ်ဖက်တွေထံ မယိမ်းယိုင်သွားတဲ့ ယုံကြည်မှုတွေနဲ့ နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့ လေကြောင်း ဆက်သွယ်မှုတွေကို ဆက်လက်ပေးစွမ်းသွားမှာပါ။”ဟု အခမ်းအနားတွင် Mr. Tanes Kumar က ပြောကြားခဲ့သည်။

ဆက်လက်၍ ကုန်စည်သီးသန့်သယ်ယူ ပို့ဆောင်ရေးခရီးစဉ်များကို ရန်ကုန်မှ ကူမင်းသို့ နေ့စဉ်နှင့် ဘန်ကောက်သို့ တစ်ပတ်လျှင် (၆)ကြိမ်၊ ဖူးခက်သို့ အပတ်စဉ် တနင်္လာနေ့တိုင်း ပြေးဆွဲလျက်ရှိကြောင်း MAI မှ သိရသည်။

ထို့အပြင် ပြည်တွင်း ခရီးစဉ်များဖြစ်သည့် လားရှိုး၊ လွိုင်ကော်၊ နေပြည်တော်၊ ကလေးနှင့် ခန္တီးသို့  ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ပြီး ဟုမ္မလင်းနှင့် မော်လမြိုင်မြို့သို့လည်း ခရီးစဉ်သစ်အဖြစ် ပြေးဆွဲသွားကာ ပြည်တွင်း ခရီးစဉ် (၂၀)ကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here