လစ်လပ်လျက်ရှိသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ နေရာအား နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင် ဆရာတော် သန်လျင်မင်းကျောင်းဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသကို ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။
ယနေ့ မတ်လ(၉)ရက် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာ ပါသာဏ လိုဏ်ဂူတော် ၌ ကျင်းပသည့် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အစည်းအဝေး ဒုတိယနေ့တွင် ယခုကဲ့သို့ ရွှေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်ကြီး တပည့်သာဝကများ၏ မျှဝေမှုမှတဆင့် သိရသည်။
ထို့အပြင် အကျိုးတော်ဆောင် ဆရာတော်အဖြစ် မစိုးရိမ်တိုက်သစ် နာယကဆရာတော် ဘဒ္ဒန္တဝါသေဌာဘိဝံသအား ရွေးချယ်တင်မြှောက်ခဲ့ကြောင်းလည်းသတင်းရရှိသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက်ခံရသည့် သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသသည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မင်းကျောင်း ပထမပြန် စာသင်တိုက်မှာ သီတင်းသုံးတော်မူလျက်ရှိကြောင်းလည်း သိရသည်။
(၄)ပါးမြာက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌဖြစ်သည့် ဗန်းမော်ဆရာတော်ဘုရားကြီးသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ (၂၅) ရက်တွင် ဘဝနတ္ထံ ပျံလွန်တာ်မူခဲ့သည့်အတွက် (၅) ပါး မြောက် ဥက္ကဋ္ဌ ဆရာတော်အဖြစ် သန်လျင်မင်းကျောင်း ဆရာတော်ကြီးအား ရွေးချယ်တင်မြာက်ခဲ့ကြခြင်း ဖြစ်သည်။
ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့အစည်းကြီးဖြစ်သည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို ၁၉၈၀ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ပထမဆုံး ဥက္ကဋ္ဌဆရာတော် အဖြစ် ပဲခူးမြို့မဆရာတာ် ၊ မြင်းခြံ ကိုးဆောင်ဆရာတော် ၊ မကွေးဆရာတော် ၊ ဗန်းမော်ဆရာတော်တို့က အဆင့်ဆင့် ဥက္ကဋ္ဌ ဆရာတော်များအဖြစ် တာဝန်ယူခဲ့ပြီး ယခု (၅) ပါးမြောက် ဥက္ကဋ္ဌ ဆရာတော်အဖြစ် သန်လျင်မင်းကျောင်းဆရာတော်အား ရွေးချယ်တင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။
