တောင်ကြီး – လွိုင်လင်လမ်းပိတ်ထားခြင်းကြောင့် ဖရဲနှင့်သခွားမွှေးများ တရုတ်သို့တင်ပို့နိုင်ခြင်းမရှိ‌ဟုဆို

0
118

ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး-လွိုင်လင်ကားလမ်း ပိတ်ထားခြင်းကြောင့် တရုတ်သို့တင်ပို့မည့် ဖရဲနှင့် သခွားမွှေးများ တင်ပို့နိုင်ခြင်းမရှိကြောင်း ကုန်သည်များနှင့် တောင်သူများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ လမ်းပိုင်းပိတ်ထားသည်မှာ သီတင်းတစ်ပတ်နီးပါး ကြာမြင့်လာပြီးနောက် တရုတ်နိုင်ငံသို့ တင်ပို့နေသည့်ဖရဲနှင့်သခွားမွှေးများကို ပြည်တွင်းဈေးကွက်၌ အရှုံးခံရောင်းချရတော့မည့် အခြေအနေဖြစ်ကြောင်း တောင်သူများကဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဒေသအချို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း တရုတ်နှင့်ကုန်သွယ်မှုကို ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄)၊ မိုင်းလားနယ်စပ်မှ ပြောင်းလဲလုပ်ဆောင်နေကြရခြင်း ဖြစ်သည်။

အဆိုပါ မိုင်းလားနယ်စပ် ကုန်သွယ်ရေးဂိတ်သို့ သွားမည့်ယာဉ်များသည် ရှမ်းပြည်နယ်တောင်ပိုင်းမှ ရှမ်းအရှေ့ပိုင်းကို ဆက်သွယ်ထားသည့် တောင်ကြီး – လွိုင်လင်လမ်းကို အသုံးပြု၍ ဖြတ်သန်းနေရခြင်းဖြစ်ပြီး ယခုအခါ လမ်းပိုင်းပိတ်ထားခြင်းကြောင့် ဖြတ်သန်း သွားလာရန် အခက်ကြုံနေရခြင်း ဖြစ်သည်။

“တရုတ်နိုင်ငံ ဈေးကွက်နဲ့ ပြည်တွင်းဈေးကွက်က ဈေးနှုန်းအတော်ကွာဟတယ်။ တောင်သူတွေက စိုက်စရိတ်တောင် ပြန်ရပါ့မလား မသိဘူး”ဟု ဖရဲ‌စိုက်တောင်သူတစ်ဦးကပြော သည်။

အသီးအရည်အသွေးကောင်းပြီး တန်ချိန်ပြည့်သည့်ဖရဲကားတစ်စီးကို တရုတ်နိုင်ငံတွင် ရောင်းမည်ဆိုပါက မြန်မာငွေသိန်း ၂၅၀ ကျော်ထိ လက်ရှိပေါက်ဈေးရှိပြီး ပြည်တွင်း၌ ကျပ်သိန်း ၃၀ မှ သိန်း ၅၀ ဝန်းကျင်ထိသာ ဈေးရရှိကြောင်း သိရသည်။

ပြည်တွင်း၌ ဖရဲစိုက်ဧကပေါင်း ငါးသောင်းကျော် နှစ်စဉ်စိုက်ပျိုးလေ့ရှိပြီး ပြည်ပသို့တင်ပို့သည့် အစေ့မဲ ဖရဲ၊ ထိုင်ဝမ်ဖရဲ စသည့် ဖရဲအမျိုးအစားများကို စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်းတို့တွင် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တရုတ်ဈေးကွက်သို့ နှစ်စဉ် ဖရဲသီးတန်ချိန် ခြောက်သိန်းမှ ရှစ်သိန်းကြား တင်ပို့လျက်ရှိပြီး နိုဝင်ဘာလမှ မေလအတွင်း ဖရဲသီးလှိုင်လှိုင်ပေါ်သည့် ကာလဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here