ကြိမ်/ဝါး ထုတ်ကုန်များ ပြည်ပ ပို့နိုင်ရန် အရည်အသွေးမီကုန်ကြမ်းရေရှည်ရရှိမူ၊စိုက်ခင်းများ တည်ထောင်ပြီး စနစ်တကျပြုစုထိန်းသိမ်းထုတ်ယူသုံးမှုတို့လိုနေ

0
118

မြန်မာ့ကြိမ်နှင့်ဝါး ထုတ်ကုန်ပစ္စည်းများ ပြည်တွင်းသာမကပြည်ပထိပါ ရောင်းဝယ်မှု ပြုလုပ်နိုင်ရန် အရည်အသွေးမီကုန်ကြမ်းများ ရေရှည်ရရှိရန်လိုအပ်နေကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက ပြောသည်။

မြန်မာ့ကြိမ်နှင့် ဝါးအခန်းကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကြိမ်/ဝါး ထုတ်ကုန်များ ဆက်တိုက်ထုတ်လုပ်ပြီး ပြည်တွင်း/ပြည်ပ ရောင်းဝယ်မှု ပြုလုပ်နိုင်ရန်အတွက် အရည်အသွေးမီကုန်ကြမ်းများ ရေရှည်ရရှိနိုင်ရန် လိုအပ်ပြီး စနစ်တကျထုတ်ယူသုံးစွဲသည့် နည်းအပြင် စိုက်ခင်းများ တည်ထောင်ပြီး စနစ်တကျပြုစုထိန်းသိမ်းထုတ်ယူသုံးစွဲရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ကြိမ်နှင့် ဝါးစိုက်ခင်းများ တည်ထောင်သည့် နေရာတွင် မြေနေရာရရှိနိုင်မှု၊ ရင်းနှီးမြှုပ်နှံရန် ငွေကြေးအရင်းအနှီး၊ စိုက်ခင်းဆိုင်ရာပျိုးထောင်၊ စိုက်ပျိုး၊ ပြုစုသည့်လုပ်ငန်းများအတွက် နည်းပညာများလည်း လိုအပ်ချက်များရှိလာမည်ဖြစ်သည့်အတွက် ဝိုင်းဝန်းဆွေးနွေးကြရန် တိုက်တွန်းကြောင်းလည်း ဒုတိယဝန်ကြီးက ပြောသည်။

ကမ္ဘာပေါ်တွင် ကြိမ်မျိုးစု (၁၂) မျိုးနှင့် မျိုးစိတ် (၅၅၀) ရှိပြီး မြန်မာနိုင်ငံတွင် ကြိမ်မျိုးစု ခြောက်မျိုးနှင့် မျိုးစိတ် (၃၂) မျိုးပေါက်ရောက်သည့်အတွက် ကမ္ဘာ့ကြိမ်မျိုးစိတ်အရေအတွက်၏ ၆ ရာခိုင်နှုန်းခန့် ပျံ့နှံ့ပေါက်ရောက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကမ္ဘာပေါ်တွင် ဝါးမျိုးစုပေါင်း (၇၅)မျိုးနှင့် ဝါးမျိုး စိတ်ပေါင်း (၁၂၅၀) ခန့် ပေါက်ရောက်ပြီး မြန်မာနိုင်ငံတွင် ဝါးမျိုးစု (၂၁) မျိုးနှင့် ဝါးမျိုးစိတ် (၁၀၂) မျိုး ပေါက်ရောက်သည့်အတွက် ကမ္ဘာ့ဝါးမျိုးစိတ် အရေအတွက်၏ ၈ ရာခိုင်နှုန်း ပျံ့နှံ့ပေါက်ရောက်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းမှ ထွက်ရှိသော ကြိမ်အချောထည် ပစ္စည်းများ၊ကြိမ်လုံး၊ ဝါးခြမ်း၊ ဝါးလုံးနှင့် ဝါးဖျာ စသည့် ကြိမ်၊ ဝါးကုန်ကြမ်းများနှင့် အချောထည် ပစ္စည်းများကို ပြည်ပသို့ တင်ပို့လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ အာရှ၊ ဥရောပနှင့် တောင်အာဖရိက နိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် ပင်လယ်ရေကြောင်းတို့မှတဆင့် တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here