စိန်ဌေးထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာမောင်မျိုးမင်း ရိုက်ကူးတဲ့ “ကျွန်မချစ်သော ယောက်ျားသုံးယောက်” ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတချို့ကို ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ကိုရီးယားမင်းသမီး ဂျိုဂျင်ဟီး၊ ကိုရီးယား ဝါရင့်သရုပ်ဆောင် Mr. Park တို့နဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ဆာကူရာဆေးရုံမှာ ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်းက “ဒီဇာတ်ကားက မိန်းမတစ်ယောက်ရဲ့ အဖေပေါ်မှာထားတဲ့ မေတ္တာ၊ ခင်ပွန်းသည်အပေါ်မှာထားတဲ့ မေတ္တာ၊ သားအပေါ်မှာထားတဲ့မေတ္တာကိုပြတဲ့ မေတ္တာဘွဲ့ဇာတ်လမ်းလေးပါ’ လို့ ပြောတဲ့ မောင်မျိုးမင်းက ဒီဇာတ်ကားမှာပါဝင်တဲ့ ကိုရီးယားမင်းသမီး ဂျိုဂျင်ဟီးကို ရွေးချယ်ဖြစ်ခဲ့ပုံကိုတော့..
” သူက ကိုရီးယားယဉ်ကျေးမှု တက္ကသိုလ်မှာ ၃ နှစ် သင်တန်းတက်ပြီးသား။ ရုပ်ရှင်ဇာတ်ကား၂ ကားရိုက်ဖူးတယ်။ ပြဇာတ်တွေ အများကြီးကဖူးတယ်။ ဇာတ်လမ်းတွဲတွေလည်း အများကြီးရိုက်ဖူးတယ်။ သူရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေ သေချာကြည့်တယ်။ စိတ်ချရတယ်၊ ယုံကြည်မှုရှိတယ်။ အသက်က တအားငယ်လို့ မရဘူး။ ကလေးတစ်ယောက်အမေ။ ကလေးက ၄ နှစ် လောက်ရှိနေပြီ။ အဲဒီအရွယ်ဖြစ်ရမယ်။ တချို့သူ့ထက်လှကြပေမယ့် အိုက်တင် သူ့လောက်မကောင်းဘူး။ သူနဲ့အတူပါလာတဲ့ ဆရာတစ်ယောက်ကလည်း မင်းသားကြီးပဲ။ နန်းတွင်းဇာတ်ကား တွေမှာ သရုပ်ဆောင်တယ်။ သူကအကုန် ဂိုက်လုပ်ပေးသွားတယ်။ သူက စနစ်တကျ သင်ထားတာဖြစ်တဲ့အတွက် သရုပ်ဆောင်တာ ကောင်းတယ်”လို့ ပြောပြီး ဒီဇာတ်ကားက ပရိသတ် စောင့်မျှော်ရ ကျိုးနပ်မယ့် ဇာတ်ကားတစ်ကားဖြစ်မှာပါလို့လည်း သူက ဆက်လက် ပြောပါတယ်။ ဒီဇာတ်ကားမှာ ရန်အောင်၊ ပြေတီဦး၊ မင်းဦး၊ မို့မို့မြင့် အောင်၊ အိန္ဒြာကျော်ဇင်၊ မင်းဘုန်းမြတ်၊ နန်းစန္ဒာလှထွန်း၊ ဘို၊ ဝါဆိုမြင့်အောင်၊ ကိုရီးယားမင်းသမီး ဂျိုဂျင်ဟီးနဲ့ မြ. ဏမေု တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။
ခိုင်ဝေလွင် ၊ ဓာတ်ပုံ- အောင်ဇော်မင်း