တောင်ကြီးမြို့သို့ ယာယီပြောင်းရွေ့လာသော ဝန်ထမ်းများအတွက် ကျပ်သိန်း (၁၀၅၀)ခန့်ရှိ စားနပ်ရိက္ခာများ ထောက်ပံ့

0
148

ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့သို့ ပြောင်းရွေ့ခိုလှုံရောက်ရှိလာကြသော ဌာနအသီးသီးမှ ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ကျပ်သိန်း (၁၀၅၀)ခန့်ရှိ စားနပ်ရိက္ခာများကို  မတ်လ (၈)ရက်က ထောက်ပံ့ပေးအပ်လိုက်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

နယ်မြေလုံခြုံရေး အခြေအနေများကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်း) နှင့် ကယားပြည်နယ်တိုမှ ယာယီတိမ်းရှောင်လာသော နိုင်ငံ့ဝန်ထမ်း ၁၃၀၉၅ ဦး၊ ဝန်ထမ်းမိသားစု ၁၄၁၆၅ ဦး၊ စုစုပေါင်း ၂၇၂၆၁ ဦးအနက် တောင်ကြီးမြို့ပေါ်တွင် ယာယီခိုလှုနေကြသော ဝန်ထမ်းမိသားစု ၃၅၀၀ အိမ်ထောင်စုကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အား အခြေခံစားကုန်ဖြစ်သည့် ဆန်၊ ဆီ၊ငါးသေတ္တာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီထောက်ပံ့ပေးခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် သိန်းပေါင်း ၁၀၅၀ (သိန်းပေါင်းတစ်ထောင့်ငါးဆယ်) ခန့်ရှိကြောင်း သိရသည်။ 

ထို့အပြင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ၂၄,၆၁၁,၂၃၂ ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း ၁၂ မျိုး၊ ဝန်ထမ်းအင်အား ၃၅၀၀ အတွက် ဆန်ရိက္ခာ (၁) လစာ တန်ဖိုးငွေ ၃၁,၅၀၀,၀၀၀ ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ ၅၆,၁၁၁,၂၃၂ ကျပ်ဖိုး ကူညီထောက်ပံ့ပေးခဲ့‌ကြောင်း သိရသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ လိုအပ်ချက်များကို စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး တတ်အားသ၍ ကူညီစောင့်ရှောက်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိင်း၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ဝန် ကြီးချုပ် ဦးအောင်အောင်က ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာဦးစီးဌာန အကြီးအမှူးများက ဦးစီးပြီး ပေါင်းစပ်ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်ချက်များရှိပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြပေးကြရန် ၎င်းက ဆက်လက်ပြောကြားသည်။

ထောက်ပံ့ပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပေးအပ်ရာ သက်ဆိုင်ရာဌာနအသီးသီးမှ လက်ခံရယူကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ထောက်ပံ့ပစ္စည်းပေးအပ်ရာ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီး ဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ခံရယူကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here