ရေနံတင်သင်္ဘောတိုက်ခိုက်ခံရပြီးနောက် အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က ဟူသီအဖွဲ့ဒရုန်းများကို ပစ်ချ

0
162

အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့က ရေနံတင်သင်္ဘော Propel Fortune နဲ့ အမေရိကန် ဖျက်သင်္ဘောတွေကို တိုက်ခိုက်မှုလုပ်ခဲ့ပြီးနောက် ပင်လယ်နီဧရိယာရှိ ဟူသီအဖွဲ့ရဲ့ ဒါဇင်နဲ့ချီတဲ့ ဒရုန်းတွေကို အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တပ်ဖွဲ့တွေက စနေနေ့မှာ ပစ်ချခဲ့ကြတယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ပြောဆိုပါတယ်။

စနေနေ့က ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောနဲ့ အမေရိကန် ဖျက်သင်္ဘောတွေကို ဒရုန်း ၃၇ စင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဟူသီအဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က စနေနေ့ ရုပ်သံမိန့်ခွန်းတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

အမေရိကန်ဗဟိုစစ်ဋ္ဌာချုပ် (CentCom) က ပြောဆိုရာမှာတော့ စနေနေ့အစောပိုင်းက ပင်လယ်နီရေပြင်မှာ လူမဲ့ဒရုန်း ၂၈ စင်းထက်မနည်းကို အမေရိကန်စစ်တပ်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပစ်ချခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ယင်းတိုက်ခိုက်မှုတွေအတွင်း အမေရိကန်နဲ့ မဟာမိတ်ရေတပ် သင်္ဘောတွေ ထိခိုက်ပျက်စီးတာမျိုး မရှိသလို ကူးသန်းရောင်းဝယ်ရေးသင်္ဘောတွေလည်း ထိခိုက်တဲ့ အစီရင်ခံချက်မျိုး မရှိခဲ့ဘူးလို့ CentCom က ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

ဒေသစံတော်ချိန် မနက် ၄ နာရီကနေ ၆နာရီခွဲအကြား ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ရှိ သင်္ဘောတွေအပေါ် အကြီးစားတိုက်ခိုက်မှုတစ်ခုကို စစ်တပ်က တုန့်ပြန်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့လည်း CentCom က ဆိုခဲ့ပါတယ်။

ပြင်သစ်စစ်သင်္ဘောတစ်စင်းနဲ့ တိုက်လေယာဉ်တစ်စင်းဟာ ဒေသတွင်းရှိ ဥရောပ Aspides မစ်ရှင်ရဲ့ ရေတပ်သင်္ဘောတွေရှိရာကို ဦးတည်ပျံသန်းနေတဲ့ တိုက်ခိုက်ရေးဒရုန်းလေးစင်းကို ပစ်ချခဲ့တယ်လို့ ပြင်သစ် စစ်တပ်ကလည်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Ref: Financial Review


LEAVE A REPLY

Please enter your comment!
Please enter your name here