လာမည့်ဘဏ္ဍာနှစ်တွင် စားသုံးဆီဖူလုံစေရေး ဆီထွက်သီးနှံ ဇုန်အလိုက် စိုက်ပျိုးမည်

0
108

လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) ဇုန်အလိုက် စိုက်ပျိုးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၏ ပြောကြားချက်အရ သိရသည်။

၂၀၂၄ – ၂၀၂၅ ခုနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများကို ဇုန်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၈)ရက် နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

လာမည့် မိုးနှင့်ဆောင်း ဆီထွက်သီးနှံများ ပိုမိုထွက်ရှိအောင်မြင်စေရန်အတွက် ဆီထွက်သီးနှံ အထူးအထွက်တိုးဇုန်များ သတ်မှတ်၍ ဇုန်တာဝန်ခံများ ခန့်အပ်ထားပြီး အဆိုပါဇုန်တာဝန်ခံများ အနေဖြင့် လိုအပ်သည့် မျိုးစေ့၊ သွင်းအားစု၊ ထွန်ယက်ရေးနှင့် စိုက်ပျိုးရေတို့ကို သီးနှံအတွက် လိုအပ်ချိန်တွင် ပံ့ပိုးပေးနိုင်ရေး၊ အထူးဇုန်အလိုက် စိုက်ဧရိယာများတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာပေးလုပ်ငန်းများ ကွင်းဆင်းကြီးကြပ်ခြင်း၊ ဆီထွက်သီးနှံ အထူးဇုန်စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက်ချေးငွေများ ထုတ်ချေးနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေး စသည့်လုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အဆင့်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရန် သတ်မှတ်ထားရှိကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံ သုံးမျိုးကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုပံ့ပိုးပေးသည့် စနစ်ဖြင့် စီမံကိန်းရေးဆွဲ ဆောင်ရွက်ခဲ့ပြီး ချေးငွေပံ့ပိုးမှု အနေဖြင့် မြေပဲတစ်ဧကလျှင် ငွေကျပ် သုံးသိန်း၊နှမ်း တစ်ဧကလျှင် ငွေကျပ် ၁ ဒသမ ၅ သိန်း နှင့် နေကြာတစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှင့် ညီမျှသည့် သွင်းအားစုများထောက်ပံ့ပြီး ဆီစက်လုပ်ငန်းရှင်များနှင့် စာချုပ်များ ချုပ်ဆိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်မှစ၍ ပြည်တွင်း စားသုံးဆီလိုအပ်ချက်ပြည့်မီစေရေး ရည်မှန်းချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အထူးစီမံချက်များရေးဆွဲ၍ ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်ရေး၊ စားသုံးဆီဖူလုံစေရေး အစီအမံများ လျာထားဆောင်ရွက်လျက်ရှိရာ ဆီထွက် သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ)ဇုန်အလိုက်စိုက်ပျိုးမည့် အစီအစဉ်အား ၂၀၂၄-၂၀၂၅ ခုနှစ်မှ စတင်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here