စစ်တွေမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများအား ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သွားရောက် စစ်ဆေး

0
101

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ စီစဉ်ဆောင်ရွက်ထားရှိမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မတ်လ (၉)ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်ကာ စာစစ်ဌာနအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရန်စီစဉ်ထားရှိမှုနှင့် စာမေးပွဲဖြေဆိုကြမည့် စာသင်ခန်းများစီစဉ်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် တာဝန်ထမ်းဆောင်ကြမည့် ကြီးကြပ်ရေးမှူး၊တွဲဘက်ကြီးကြပ်ရေးမှူးနှင့် ဆရာ၊ဆရာမများအားကျောင်းအုပ်ဆရာကြီးရုံးခန်း၌ တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် စာစစ်ဌာနများတွင် လိုအပ်ချက်များရှိပါက မိမိတို့ ပြည်နယ်အစိုးရအဖွဲ့က ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် လာရောက်ကြည့်ရှုခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပညာရေးနှင့် ကျန်းမာရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတစ်ခု ဖွံ့ဖြိုး တိုးတက်ရန်အတွက် ပညာရည်မြင့်မားရေးသည် အဓိကကျကြောင်းလည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့် ဧရိယာအတွင်းမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဒေသအခြေအနေများကြောင့် စစ်တွေမြို့သို့ စာမေးပွဲဖြေဆိုရန် လာရောက်လျက်ရှိပြီး အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရန်အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်ကဆိုသည်။

ယင်းနောက် ပြည်နယ်ပညာရေးမှူး ဦးဘထွေးစိန်က ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီး မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများက စာမေးပွဲစစ်ဆေးစဉ်ကာလအတွင်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေကျပ် ၃၄၅ သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here