တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ မနက်ဖြန်စမည်

0
108

စနစ်သစ် သင်ရိုးဖြင့် ပထမဆုံးအကြိမ် ဖြေဆိုရမည့် Grade 12 (တက္ကသိုလ်ဝင်)စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မနက်ဖြန် မတ်လ (၁၁) ရက်တွင် စတင်သွားမည်ဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် ပိတ်ရက်မရှိဖြေဆိုရမည်ဖြစ်ပြီး စနစ်သစ်ပညာရေးစနစ်ဖြစ်သည့်အတွက် ပထမဦးဆုံး အကြိမ်အဖြစ် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်၊ ဘောဂဗေဒ ဘာသာရပ်များ ဖြေဆိုရန် Non programmable scientific calculator များ အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
‌‌‎
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲကို မတ်လ (၁၁) ရက်မှ မတ်လ(၁၉)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မတ်လ (၁၁) ရက်တွင် မြန်မာစာ၊ မတ်လ (၁၂) ရက်တွင် အင်္ဂလိပ်စာ၊မတ်လ (၁၃) ရက်တွင် သင်္ချာ၊ မတ်လ (၁၄) ရက်တွင် ဓာတုဗေ ဒ/ပထဝီဝင်၊ မတ်လ (၁၅) ရက်တွင် ရူပဗေဒ/သမိုင်း၊ မတ်လ (၁၆) ရက်တွင် ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တို့ကို ခြောက်ဘာသာလုံး နားရက်မရှိဆက်တိုက်ဖြေဆိုရမည်ဖြစ် သည်။

ထို့နောက် မတ်လ (၁၇) ရက်တွင် တစ်ရက်ပိတ်ကာ မတ်လ (၁၈) ရက်တွင် လူမှုရေးသိပ္ပံနှင့် မတ်လ (၁၉) ရက်တွင် စိတ်ကြိုက်မြန်မာစာတို့ကို ဖြေဆိုရမည်ဖြစ်ကာ နံနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြေဆိုရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားပြီးဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း၌ ကျောင်းသား၊ ကျောင်းသူ ၁၈၉၅၁ ယောက် ဖြေဆိုသွားမည်ဖြစ်ပြီး ပြင်ပဖြေဆိုသူ ၂၅၀၉ ယောက် ပါဝင်ကာ စာစစ်ဌာန (၇၃) ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့ပြင် စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက် ဆေးဝါးကုသမှုခံယူနေကြရသည့် ကျောင်းသား၊ ကျောင်းသူများ နစ်နာမှုမရှိစေရန် ရန်ကုန်မြို့တွင် ဆေးရုံစာဖြေဌာန (၄) ခု ကိုလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် စာစစ်ဌာန (၆၉) ခုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်တွင် ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၁၆၁၈၅ဝ)ဦး ရှိခဲ့ပြီး အောင်မြင်သူ (၁ဝ၉၈၅၁)ဦး ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here