မြဝတီနယ်စပ် တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းတွင် လုံခြုံရေးတိုးမြင့်ချထား

0
135

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်‌နေသည့်အတွက်ကြောင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်ဘက်အခြမ်းတွင် ယမန်နေ့ မတ်လ (၉) ရက်မှစတင်ကာ လုံခြုရေးတိုးမြှင့်ချထားကြောင်း ထိုင်းသတင်းဌာနများနှင့် မြဝတီမြို့ဒေသခံများ၏ ပြောကြားမှုများမှတဆင့် သိရသည်။

မဲဆောက်အပါအဝင် နယ်စပ်မြို့( ၅) မြို့နယ်အတွင်း ထိုင်းတော်ဝင်တပ်မတော် ၏ ယန္တယားတပ်များနှင့်အတူ လုံခြုံရေးအင်အားကို တိုးမြင့်ချထားခြင်းဖြစ်ကြောင်း သိရသည်။

လုံခြုံရေးတိုးမြှင့်ချထားသည့် မြို့နယ် (၅)မြို့နယ်မှာ အုန်းဖန်၊ ဖို့ဖတ်၊ မဲဆောက်၊ မယ်လမတ်၊ ထာ့ဆောင်ရမ်း မြို့နယ်များတွင်ဖြစ်ကြောင်း မဲဆောက် ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ကတော့ မဲဆောက်ဘက်အခြမ်းတစ်လျှောက်လုံးကို ထိုင်းစစ်တပ်က လုံခြုံရေးတွေချထားတယ်။ အရင်ကလည်းရှိတယ်ဆိုပေမယ့် မြန်မာဘက်က တိုက်ပွဲတွေကြောင့် အင်အားထပ်ဖြည့်တဲ့ပုံစံပါ။ မြန်မာဘက်အခြမ်းတိုက်ပွဲဖြစ်ရင် ထိုင်းဘက်အခြမ်း ကူးလာတတ်တာကြောင့်ဖြစ်မယ်။ အရင်တုန်းကလည်း မြန်မာဘက်ခြမ်းတိုက်ပွဲဖြစ်ပြီဆိုရင် နယ်စပ်တွေမှာ လုံခြုံရေးတိုးချလေ့ရှိပါတယ်”ဟု မဲဆောက်ဒေသခံတစ်ဦးက ရှင်းပြသည်။

မြန်မာ-ထိုင်းနယ်စပ် ၊တာ့ခ်ခရိုင်အတွင်း မဲဆောက်အပါအဝင် (၉) မြို့နယ် တည်ရှိသည့်အနက် ထိုင်း- မြန်မာနယ်စပ်မျဉ်းနှင့်ကပ်နေသည့် မြို့နယ်(၅) ခု ရှိနေပြီး ယင်းမြို့နယ်များအတွင် လုံခြုံရေးတိုးမြှင့်လိုက်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here