OPCW အစည်းအဝေးတွင် ဓာတုလက်နက် ဖျက်သိမ်းရေးနှင့် တားဆီးရေးလုပ်ဆောင်နေကြောင်း မြန်မာသံအမတ် ပြောကြား

0
127

မြန်မာနိုင်ငံအနေဖြင့် ဓာတုလက်နက် ဖျက်သိမ်းရေးနှင့်တားဆီးပိတ်ပင်ရေးဆိုင်ရာ လုပ်ငန်းများအတွက် အမျိုးသား အဆင့် ဦးဆောင်ကြီးကြပ်ရေးအဖွဲ့ (National Authority) ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိကြောင်း ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်အဖွဲ့(OPCW)၏ (၁၀၅) ကြိမ်မြောက် Executive Council အစည်းအဝေး (EC-105)တွင် မြန်မာသံအမတ်ကြီးက ပြောကြားလိုက်သည်။

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်အဖွဲ့ (OPCW) ရုံးချုပ်၌ မတ်လ (၅) ရက်က (၈)ရက်အထိ ကျင်းပခဲ့သော OPCW ၏ (၁၀၅) ကြိမ်မြောက် Executive Council အစည်းအဝေး (EC-105) သို့ OPCW ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တက်ရောက် ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် OPCW အဖွဲ့ဝင်နိုင်ငံများ (State Parties to CWC) က အဖွဲ့ဝင်နိုင်ငံများ၏ သက်ဆိုင်ရာနိုင်ငံအလိုက် ဓာတုလက်နက် ဖျက်သိမ်းရေးနှင့် တားဆီးပိတ်ပင်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် OPCW နှင့် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အခြေအနေများ ဆွေး နွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (non-state actors) က အကြမ်းဖက် လုပ်ငန်းများတွင် ဓာတုလက်နက်များ အသုံးပြုခြင်းကို တားဆီးပိတ်ပင်ရေးအတွက် OPCW နှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် OPCW Technical Secretariat တွင် ကမ္ဘာ့ပထဝီ နေရာဒေသ အရပ်ရပ်ရှိ အဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များ၏ ကိုယ်စားပြုမှုအား တိုးမြှင့်ခန့်ထားရေးအတွက် လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

ဓာတုလက်နက်များ အသုံးပြုခြင်းကို တားဆီး ပိတ်ပင်ရေးအတွက် အမျိုးသားအဆင့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းမူဘောင် ရေးဆွဲရေးနှင့် စပ်လျဉ်းပြီး OPCW၊ ဥရောပသမဂ္ဂတို့နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလျက်ရှိပါကြောင်း မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်က ဆွေးနွေးပြောကြားခဲ့သည်။

ထို့အပြင် OPCW Technical Secretariat တွင် ကမ္ဘာ့ပထဝီနေရာဒေသအရပ်ရပ်ရှိ အဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင် ပညာ ရှင်များ၏ ကိုယ်စားပြုမှုအား တိုးမြှင့်ခန့်ထားရေးအတွက် လုပ်ငန်းစီမံချက်အား ထောက်ခံ အားပေးပါကြောင်း ဆက် လက်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအနေဖြင့် Technical Secretariat ၏ “Talent Acquisition Programme” အောက်မှ ဆောင်ရွက်သည့် စွမ်းရည်မြှင့်သင်တန်းများတွင် ပူးပေါင်းပါဝင် တက်ရောက်ပြီး Technical Secretariat တွင် အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ပိုမိုထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here