ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းရှိ တံတားတစ်ခုတွင် မိုင်းထောင်ဖောက်ခွဲမှုကြောင့် သံလမ်းအား ၅နာရီကြာပြုပြင်ရဖြင့် ကုန်ရထားများ ကြန့်ကြာ

0
93

ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းရှိ ကျောက်ဆည်-မင်းစုဘူတာအကြား၊ မိုင် ၃၅၃/၂၄ နှင့် ၃၅၄/၁ ကြား တံတားအမှတ် ၇၃၈ ၏ အစုန်/အဆန် ပေ ၂၀ သံဘောင်တံတားနှင့် ကွန်ကရစ်တံတားပေါ်တွင် မတ် (၁၀)ရက် နံနက် (၈) နာရီ (၄၀) မိနစ်ခန့်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ နယ်မြေခံလုံခြုံရေးအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ တံတားများရှိ အရှေ့ဘက်ခြမ်းသံလမ်းများ (၂) ပေခန့်စီ ပြ-တ်ထွ-က်နေပြီး မကွဲသေးသော လက်ကျန် မိုင်း(၁)လုံးအား တွေ့ရှိခဲ့သဖြင့် မင်းစု-ကျောက်ဆည် အစုန်/အဆန်လမ်းပိုင်းများအား နံနက် (၈) နာရီ (၅၀)မိနစ်အချိန်တွင် ခေတ္တပိတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မပေါက်ကွဲသေးသည့်မိုင်းအား သက်မဲ့ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထား ဝန်ထမ်းများအနေဖြင့်လည်း ရထားလမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပျက်စီးသွားသော ရထားလမ်းပိုင်းအား ပြုပြင်ခဲ့ရာ ကျောက်ဆည်-မင်းစု အဆန်လမ်းပိုင်းကို နေ့လည် (၁) နာရီ (၆) မိနစ်နှင့် အစုန်လမ်းပိုင်းအား နေ့လည် (၃) နာရီ (၂၀)မိနစ်အချိန်တွင် အသီးသီး ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူစီးရထားများ ကြန့်ကြာမှုမရှိသော်လည်း ကုန်ရထားများ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ရပြီး၊ ၇၅ ပေါင်သံလမ်း၊ ကွန်ကရစ် ဇလီဖားတုံးနှင့် သစ်သား ဇလီ ဖားတုံးများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်မှ စတင်၍ လက်ရှိအချိန်ထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၉) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ဖြစ်ပွားခဲ့ရကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here