သင်္ဃန်းညီနောင် တိုက်ပွဲကြောင့် ရွာသစ်ကျေးရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော ဒေသခံများ မြဝတီမြို့သို့ ထပ်မံ၍ တိမ်းရှောင်

0
158

မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာ တိုက်ပွဲကြောင့် ရွာသစ်ကျေးရွာရှိ အောင်သိဒ္ဒိဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည့် ဒေသခံစစ်ရှောင်များ ယမန်နေ့ မတ်လ (၁၀)ရက် ညပိုင်း၌ မြဝတီမြို့သို့ ထပ်မံ၍ အရေးပေါ် တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ညပိုင်းက သဃ်န်းညီနောင် ရွာသစ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အတွက် ဒေသခံ စစ်ရှောင် (၂၀၀) ကျော်မှာ မြဝတီမြို့ အမှတ် (၅) ရပ်ကွက်ရှိ ရေပူဘုန်းကြီးကျောင်းသို့ တိမ်းရှောင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲက ရွာသစ်ကျေးရွာအနီးမှာ ထပ်ဖြစ်လာတော့‌ ညတွင်းချင်းပဲ အရေးပေါ် ပြောင်းရွှေ့ရတာ။ အဝတ်တစ်ထည် ကိုယ်တစ်ခုလို့ တောင်ပြောလို့ရတယ်။ အချို့ကလည်း တိုက်ပွဲနဲ့ နီးတယ်ဆိုပေမယ့် သူခိုးရန်ကြောက်တာကြောင့် ကိုယ့်အိမ်ထဲမှာဘဲ ကိုယ်နေကြတယ်။ အချို့ကလည်း ဘုန်းကြီးကျောင်းမှာ စုနေကြတယ်။ မနေ့က ညကတော့  မြဝတီဘက် အားချင်းရွှေ့ခဲ့ကြတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

မတ်လ (၇)ရက်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ရွာသစ်ကျေးရွာ သဘာဝတရားရိပ်သာမှ အဘိုးအဘွား (၁၃၀) ကျော်မှာလည်း မြဝတီမြို့သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှုအရှိန်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

ဒေသတွင်းတိုက်ပွဲကြောင့် မြစန္ဒီ ၊ ရွာသစ်၊ ရှမ်းစု ၊ မဲကနယ် ၊ မြေနီကုန်းကျေးရွာတို့ရှိ ဒေသခံပြည်သူ (၁,၀၀၀) ခန့်မှာလည်း မြဝတီမြိုနှင့် နီးစပ်ရာဘုန်းကြီး‌ကျောင်းများတွင် ခိုလှုံနေကြရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here