ရန်ကုန်မြို့တွင် စက်သုံးဆီဝယ်ယူရ ခက်ခဲနေဟုဆို

0
131

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် စက်သုံးဆီဝယ်ယူရ ခက်ခဲနေဆဲဖြစ်ကြောင်း ယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။

အချို့အရောင်းဆိုင်များသည် နေ့လယ်ပိုင်းအထိ အရောင်းပိတ်ထားပြီး ဒီဇယ်ဆီတစ်မျိုးတည်းသာ ဝယ်ယူရရှိကြောင်း သိရသည်။

” ဆီတွေကဝယ်ရတာ ခက်ခဲတုန်းပဲ။ တချို့ဆိုင်တွေဆိုမရဘူး။ Max နဲ့ Denko လောက်ပဲရတာ။ ရတဲ့ဆိုင်ဆိုရင်လည်း လိုသလောက်မရဘူး”ဟု အငှားယာဉ်မောင်း တစ်ဦးကပြောသည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အများစုတွင် ရောင်းချရန်ဆီ မရှိတော့၍ဟုဆိုကာ ဆိုင်ပိတ်သိမ်းထားပြီး ဆီရရှိပါက ပြန်လည်ရောင်းချပေးမည်ဟု အသိပေးကြေညာထားမှုများလည်း ရှိနေသည်။

ပြည်ပမှ ရေကြောင်းဖြင့် တင်သွင်းသည့် စက်သုံးဆီကို ရန်ကုန်ရှိ သီလဝါဆိပ်ကမ်းမှ တဆင့် ဆီဘောက်ဆာကားများဖြင့် သယ်ယူကာ ရန်ကုန်မြို့အပါအဝင် ဒေသအသီးသီးရှိ စက်သုံးဆီဆိုင်များသို့ ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီဈေးနှုန်းမှာ ၉၂ အမျိုးအစားဓာတ်ဆီတစ်လီတာလျှင် ၂၆၈၀ ကျပ်၊ ၉၅ အမျိုးအစားဓာတ်ဆီတစ်လီတာလျှင် ၂၇၉၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၄၃၀ ကျပ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here