MFF – Berocca Summer Football Course (ရန်ကုန်) နွေရာသီ လူငယ် ဘောလုံးသင်တန်းကို သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ်

0
188

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ Berocca Summer Football Course (ရန်ကုန်)နှင့် ပူးပေါင်း၍ နွေရာသီ လူငယ် ဘောလုံးသင်တန်းကို မတ် (၃) ရက်မှ ဧပြီ (၃)ရက်အထိ ရန်ကုန်နှင့် မန္တလေးရှိ MFF အကယ်ဒမီ များတွင် သင်တန်ကြေး အခမဲ့ဖြင့် ဖွင့်လှစ် ပို့ချပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အနေဖြင့် လူငယ်များ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ် မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ထွက်ပေါ်ရေး မိတ်ဖက် စပွန်ဆာဖြစ်သည့် Berocca ၏ ပံ့ပိုးကူညီမှုဖြင့် ပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။

“လူငယ်တွေ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ မျိုးဆက်သစ်တွေ စဉ်ဆက်မပြတ် ထွက်ပေါ်လာဖို့ မိတ်ဖက် စပွန်ဆာဖြစ်တဲ့ Berocca ရဲ့ ပူးပေါင်းကူညီမှုနဲ့ ၂၀၂၄ နွေရာသီ လူငယ် ဘောလုံးသင်တန်းပေးနေတာပါ။”ဟု MFF မှ တာဝန်ရှိသူက ဆိုသည်။

MFF – Berocca Summer Football Course နွေရာသီ လူငယ် ဘောလုံးသင်တန်း (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၇)နာရီက MFF Aritificial Turf (1 & 2) တို့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူများ၊ အဓိကပံ့ပိုးသည့် Berocca မှတာဝန်ရှိသူများ၊ ဧည့်သည်တော်များနှင့် သင်တန်းသား/သူများ၊ မိဘဆရာများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အလုပ်အမှုဆောင်၊ လူငယ်ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းလှိုင်နှင့် Berocca မှ ဒေါက်တာ နေခြည်ညီညီ တို့က နှုတ်ခွန်းဆက်စကား အသီးသီး ပြောကြားခဲ့ကြပြီး MFF – Berocca Summer Football Course (ရန်ကုန်)သင်တန်းအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိသည့် အခြေခံ ဘောလုံးသင်တန်းသို့ အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း (ကျား/မ) သင်တန်းသား ၂၅၀ ဦး တက်ရောက်လျက်ရှိပြီး အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် နံနက် (၇) နာရီခွဲမှ (၉)နာရီအထိ အခြေခံ ဘောလုံးပညာများ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here