ထိတွေ့ တိုက်ပွဲများကြောင့် မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းကို ယာယီပိတ်ထား

0
124

ကချင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသည့် နှစ်ဘက်ထိတွေ့ တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့သို့ သွားသည့် ကားလမ်းပိုင်းအား မတ်လ (၉)ရက် မှစတင်ကာ ယာယီပိတ်ထားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်း သိရသည်။

“ဟုတ်ပါတယ်။ ပိတ်ထားတာ (၃)ရက် လောက်ရှိပြီ။ မြစ်ကြီနားနဲ့ ပူတာအို ကားလမ်းပိတ်ထားတယ်။ လောလောဆယ်က ကားတွေက မသွားလာဘူး” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိ ပူတာအိုမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မြစ်ကြီးနား မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး လမ်းခရီးလုံခြုံရေးစိတ်ချရမှု မရှိသည့်အ‌ခြေအနေဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းကဲ့သို့ လမ်းပိုင်းယာယီ ပိတ်ထားရမှုကြောင့် ကုန်စည်သယ်ဆောင်မှုလည်း လုပ်ဆောင်၍ မရသည့်အတွက် ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်နေကြရကြောင်းလည်း ဒေသခံများက ဆိုသည်။

“အဓိကတော့ စားသောက်ကုန်နဲ့ ဓာတ်ဆီပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြစ်ကြီးနား ၊ ဗန်းမော်၊ ဝိုင်းမော်၊ လိုင်ဇာ အစရှိသည့် မြို့များနှင့် အနီးတဝိုက်တွင် ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် မြန်မာ့တပ်မတော်တို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် အတွက် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းတွင် ယာဉ်အစီးရေအများအပြား ပိတ်မိနေခဲ့သည့်အပြင် တိုက်ပွဲရှောင် ဒေသခံအမြောက်အများလည်း ပိတ်မိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here