နောင်ချိုမှ မန္တလေးသို့လှေဖြင့် သယ်ဆောင်လာသည့် ငွေကျပ် ၇ ဘီလီယံခွဲ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ မတ္တရာမြို့နယ်တွင် ဖမ်းဆီးရမိ

0
147

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှ မန္တလေးသို့ စက်တပ်လှေဖြင့် သယ်ဆောင်လာသည့် ငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း (၅၀)ပြားအား မတ္တရာမြို့နယ်တွင် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဆည်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မတ်လ (၆) ရက် ညနေ (၆) နာရီအချိန် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်း ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ 

ထိုသို့ စောင့်ဆိုင်းနေစဉ် ရာဇာမိုး၊ မလမင်းနွယ်၊ သိန်းဇော် (ခ)ချစ်မွှေး၊ အောင်ပိုင်၊ မဖြူဖြူထွေးနှင့် မယမင်းသူ(ခ)မင်းမင်းတို့ (၆) ဦးမှ စက်တပ်လှေငယ် (၂) စီးဖြင့် မီးသွေးအိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း (၅၀) အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့ကို စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်ခိုင်းသူ စိုင်းမင်းသူနှင့် ပူးပေါင်းပါဝင်သူ ထွန်းသန်းတို့အား မတ်လ (၇) ရက်၊ နံနက် (၇) နာရီအချိန် မတ္တရာမြို့နယ်၊ ဆည်တော်ကျေးရွာတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်သို့ ရေလမ်းကြောင်းအတိုင်း စက်တပ်လှေဖြင့် သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျ က်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here