ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲကောင်တာများကို ရှောင်တခင်စစ်ဆေးနေပြီး ငွေလဲကောင်တာ (၄) ခုကို အရေးယူထား

0
165

နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲကောင်တာများကို ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ရှောင်တခင်စစ်ဆေးရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာမှုမရှိသည့် Money Changer လေးခုအား အရေးယူဆောင်ရွက်ထားကြောင်းလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ (၆) ရက်နှင့် (၈) ရက်တွင် ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအား ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးစဉ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပါ လိုက်နာခြင်းမရှိသည့် Thura Nay Tun (Fame Money Changer)၊ Lead Star Money Chan ger၊ Steber Group Money Changer နှင့် Asia Shwe Thee Money Changer တို့မှာ ဥပဒေပါအချက်များ လိုက်နာမှုရှိသည်ကို စိစစ်တွေ့ရှိခဲ့သောကြောင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၃၅) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင် သုံးလရပ်ဆိုင်းခြင်း ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန် ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်များနှင့် ဘဏ်များပါဝင်သော Online Trading Market ကိုဖော်ဆောင်ပေးနေသကဲ့သို့ ၊ပြည်ပသို့သွားရောက်သူများအတွက် လိုအပ်သော အသေးသုံး နိုင်ငံခြားငွေကြေးများကို ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် နိုင်ငံခြားငွေဝယ် ယူရောင်းချလဲလှယ်ပေးသော ငွေလဲကောင်တာများတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေရေးအတွက် ယင်းကဲ့သို့ ရှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်ထိန်းကျောင်းသွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here