နေပြည်တော်အတွင်း တန်ဖိုးမြှင့်ထုတ်ကုန်များကို လေ့လာ ဖော်ထုတ်ရန်လိုအပ်ဟုဆို

0
105

နေပြည်တော်အတွင်း ဒေသထွက်ကုန်ကြမ်းများကို ထုတ်ကုန်အမျိုးအစားများအလိုက် လေ့လာဖော်ထုတ်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ဆောင်ရွက်စေလိုကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောသည်။

တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၁၁)ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌကဒေသထွက် မူရင်းကုန်ကြမ်းများကို ထုတ်ကုန်အမျိုးအစားများအလိုက် လေ့လာ ဖော်ထုတ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဆောင်ရွက်ရန်၊ ပြည်တွင်းထုတ်ကုန် အားပေး မြှင့်တင်ရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် မြေပြင်တွင် အမှန်တကယ်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ၊ ရင်းနှီးမတည်ငွေများကို အကျိုးရှိရှိ အသုံးချမည့် လုပ်ငန်းရှင်များ ဖြစ်စေရေး စိစစ်ဆောင်ရွက်ရန် တို့ကိုလည်း တိုက်တွန်း ပြောကြားခဲ့သည်။

ထို့အပြင် MSME ရန်ပုံငွေမှ ထုတ်ချေးပေးမည့် ချေးငွေများရရှိနိုင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန် ဦးစားပေးအမယ်များအဖြစ် အောင်မြင်အောင် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် Work Plan တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန်လည်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော် MSME အေဂျင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော်တွင် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော် MSME အေဂျင်စီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက MSME ချေးငွေများနှင့်ပတ်သက်၍ စိစစ်လက်ခံရရှိမှုအခြေအနေများ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ MSME ချေးငွေစိစစ်လက်ခံထားရှိမှုအခြေအနေများ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန် ဦးစားပေးအမယ်များ အောင်မြင်အောင် ဆောင်ရွက်မည့် လုပ်ငန်းစဉ် Work Plan ရေးဆွဲထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်နေမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here