စစ်မှု မထမ်းချင်လို့ အစာငတ်ခံ ပိန်ချူံးအောင်လုပ်ခဲ့တဲ့ တောင်ကိုးရီးယား အမျိုးသား ထောင်ဒဏ်ချမှတ်ခံရ

0
259

မဖြစ်မနေ စစ်မှုထမ်းရမယ့်အရေး ရှောင်ရှားနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို အစာငတ်ခံပြီး ပိန်ချူံးအောင်လုပ်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို တောင်ကိုရီးယား တရားရုံးက မတ် ၁၁ ရက်မှာ ထောင်ဒဏ် ၂ နှစ်နဲ့ ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

တရားပြိုင်အနေနဲ့ အရွယ်ရောက်ပြီး ကျန်းမာသန်စွမ်းတဲ့ နိုင်ငံသား အမျိုးသားတိုင်း စစ်မှုထမ်းဆောင်ရန် ပြဋ္ဌာန်းထားတဲ့ စစ်မှုထမ်းအက်ဥပဒေကို ချိုးဖောက်မှုဖြင့် ပြစ်မှုထင်ရှားကြောင်း ဂွမ်ဂျူခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာအရ သတ်မှတ်စံချိန်စံညွှန်းအောက်ရှိနေတဲ့ အမျိုးသားတွေအနေနဲ့ တိုက်ခိုက်ရေးမဟုတ်တဲ့ အခြားဝန်ဆောင်မှုတစ်ခုကို အစားထိုး ထမ်းဆောင်ဖို့ ဥပဒေက ခွင့်ပြုထားကြောင်း သိရပါတယ်။

ယင်းအမျိုးသားဟာ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အကြား အကြိုဆေးစစ်မှုလုပ်ခဲ့ချိန်မှာ အသက် ၁၇ နှစ်အောက် ခန္ဓာကိုယ်ထုထည်ရှိသူများအတွင်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကိုယ်အလေးချိန် ၅၄ ကီလိုဂရမ်ရှိခဲ့တဲ့ တရားပြိုင်ဟာ သူ့ရဲ့ ကိုယ်အလေးချိန်ကို ၄၉.၇ ကီလိုဂရမ်သို့ လျှော့ချခဲ့ကာ ဒုတိယအကြိမ် ဆေးစစ်မှုလုပ်တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ကိုယ်အလေးချိန် ၅၀.၄ ကီလိုဂရမ်နဲ့ ယင်းအနေအထားကို ဆက်ထိန်းထားခဲ့တယ်လို့ ဆိုပါတယ်။

ယင်းအချိန်ကာလအတွင်း သူဟာ အစားအစာနဲ့ အရည် စားသုံးမှုကို တမင်တကာ လျှော့ချခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့ကြပြီး သူဟာ အစားထိုးဝန်ဆောင်မှုကို ခံရလောက်တဲ့အထိ ပိန်လှီလှတယ်လို့ သူတို့က ပြောဆိုခဲ့ပါတယ်။

အမျိုးသားဖြစ်သူကတော့ သူဟာ တက္ကသိုလ်မှ ထုတ်ပယ်ခံရခြင်းနဲ့ သူလိုချင်တဲ့ တက္ကသိုလ်မရခဲ့ခြင်းတွေကြောင့် စိတ်ဖိစီးမှုများကာ ကိုယ်အလေးချိန် ကျဆင်းခဲ့ရတာဖြစ်တယ်လို့ဆိုကာ စွပ်စွဲမှုတွေကို ငြင်းဆိုခဲ့ပါတယ်။

သို့ပေမယ့် အထောက်အထားတွေအရ တရားပြိုင်ဟာ စစ်တပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စံချိန်စံညွှန်းတွေကို သိထားတယ်ဆိုတာ ညွှန်ပြနေသလို မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ သူဟာ တိုက်ခိုက်ရေးတာဝန်ကနေ ကင်းလွတ်ခွင့်ရဖို့ ဝိတ်ချမယ်လို့ အကြိမ်ကြိမ် ပြောဆိုခဲ့တယ်လို့ သိရကြောင်း တရားရုံးက ပြောဆိုကာ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here