ထိုင်းရွေးကော်က Move Forward ပါတီကို ဖျက်သိမ်းဖို့ ခြေဥခုံရုံးကို တောင်းဆိုမည်

0
221

တော်ဝင်အသရေဖျက်မှု ဥပဒေကို ပြင်ဆင်ပြောင်းလဲမယ်ဆိုကာ ပါတီက မဲဆွယ်စည်းရုံးခဲ့မှုဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ကို ပျက်ပြားစေတဲ့လုပ်ရပ်ဖြစ်တာကြောင့် အတိုက်အခံ Move Forward ပါတီကို ဖျက်သိမ်းပစ်ဖို့ တရားရုံးကို တောင်းဆိုသွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

တော်ဝင်အသရေဖျက်မှု ဥပဒေကို ပြုပြင်ပြောင်းလဲမယ့် ပါတီရဲ့ အစီအစဉ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Move Forward ပါတီအပေါ် ဇန်နဝါရီလမှာ စီရင်ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ကော်မရှင်က အခုလို ထုတ်ပြောလာတာဖြစ်ပါတယ်။

ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ပါတီရဲ့ အဆိုပြုချက်ဟာ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံဘုရင်စနစ်ကို ဖျက်ဆီးဖို့ကြိုးပမ်းမှုဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ Move Forward ပါတီက တိုင်းပြည်ရဲ့ အကြီးအကဲ ဘုရင်နဲ့ ဒီမိုကရေစီစနစ်ကို ပျက်ပြားစေတဲ့ အထောက်အထားတွေရှိကြောင်း ရွေးကော်က အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ခြေဥခုံရုံးရဲ့ စီရင်ချက်အပေါ် စဉ်းစား သုံးသပ်မှုတွေလုပ်ခဲ့ပြီးနောက် Move Forward ပါတီကို ဖျက်သိမ်းဖို့ ခုံရုံးကို တောင်းဆိုသွားရေး တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

Move Forward ပါတီရဲ့ မဲဆွယ်အစီအစဉ်တွေဟာ လူငယ်နဲ့ မြို့ပြမဲဆန္ဒရှင်တွေကြား ပဲ့တင်ထပ်စေခဲ့ပြီး ယမန်နှစ်က ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပြု ပါတီတွေအပေါ် အံ့အားသင့်ဖွယ်အနိုင်ရမှုဖြစ်စေခဲ့ပါတယ်။

သို့ပေမယ့် ၎င်းတို့ရဲ့ တော်ဝင်အသရေဖျက်မှုဥပဒေပြင်ဆင်ရေး အစီအစဉ်ဟာ ဘုရင်စနစ်ထောက်ခံ စစ်တပ်နဲ့ မဟာမိတ်ပြုထားတဲ့ ကွန်ဆာဗေးတစ် ဥပဒေပြုအမတ်တွေကို ဒေါသထွက်စေခဲ့ပြီး ပါတီရဲ့ အစိုးရဖွဲ့နိုင်ရေး ကြိုးပမ်းချက်တွေ တားဆီးခံခဲ့ရပါတယ်။

ပါတီသာ ဖျက်သိမ်းခံခဲ့ရမယ်ဆိုရင် ပါတီခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးကနေ ၁၀ နှစ်ကြာ ပိတ်ပင်ခံရမှာဖြစ်ကြောင်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here