မလေးရှားမှ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားခေါ်ယူမှု ရပ်ဆိုင်းမည်

0
208

Calling Visa ကျပြီးလက်ကျန်အလုပ်သမားများကို ဧပြီလကုန်အထိသာ နောက်ဆုံးဝင်ရောက်ခွင့်ပေးတော့မည်ဖြစ်သည်

လာမည့် ဇွန်လ (၁) ရက်မှစတင်ကာ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားခေါ်ယူမှုကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် မလေးရှားနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများမှ ယခင်က ခွင့်ပြုခဲ့သည့် နိုင်ငံခြားသား အလုပ်သမားခေါ်ယူခွင့် KSM Approval လက်ကျန်မှ မလေးရှားအလုပ်ရှင်အနေဖြင့် Calling Visa လျှောက်ထားမှုကိုလည်း မတ်လ (၃၁)ရက် နောက်ဆုံးထား ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Calling Visa ရရှိပြီးသည့်  နိုင်ငံခြားသား အလုပ်သမားများကို မေလ (၃၁) ရက် နောက်ဆုံးထားပြီး ခေါ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၏ စက်ရုံ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံသားအများစု ရွှေ့ပြောင်းလုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ထို့ပြင်၂၀၂၄ ခုနှစ် မတ်လ (၁) ရက်မှ ဒီဇင်ဘာ (၃၁) ရက်အထိ နိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေကြသည့် နိုင်ငံခြားသားများကို (၁၄) ရက်အတွင်း မလေးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာရန် မလေးရှားအစိုးရမှ အသိပေးထားသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၃၁) ရက်အထိ အေဂျင်စီအစီအစဉ်၊ မိမိအစီအစဉ်၊ ခွင့်ပြန်/ PR အစီအစဉ်များဖြင့် မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံသားဦးရေ ၃၉၀,၇၇၇ ကို စေလွှတ်ခွင့်ပြုခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

ယင်းအပြင် မလေးရှားနိုင်ငံမှ Calling Visa ကျပြီးလက်ကျန်အလုပ်သမားများကို ဧပြီလကုန်အထိသာ နောက်ဆုံးဝင်ရောက်ခွင့်ပေးတော့မည်ဖြစ်သည့်အတွက် ပြည်တွင်းရှိ အချို့သောပွဲစားများ၏ အွန်လိုင်းမှတဆင့် အလုပ်သမားခေါ်ယူနေမှုကို သတိထားရန် အေဂျင်စီတချို့က သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here