မိုးညှင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်ဖြင့် သယ်လာသည့် ငွေကျပ်သိန်း ၁၄၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

0
163

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ပေါ်မှ ငွေကျပ် ၁၄၈၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

မတ်လ (၁၁) ရက် ညနေ (၃)နာရီ (၁၅)မိနစ်အချိန်ခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေနေစဉ် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ယုံဒတ်နှင့် မဇင်မျိုးနွယ်တို့ သယ်ဆောင်လာသော မွေ့ရာများအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၅.၉၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၈၅ သိန်း)နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့သည့်အတွက် ယုံဒတ်(၃၀)နှစ်နှင့် မဇင်မျိုးနွယ်(၂၈)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here