TikTok ကို ပိတ်ပင်နိုင်ခြေရှိတဲ့ ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော် အတည်ပြု

0
215

နာမည်ကျော် ဗီဒီယိုအက်ပ်တစ်ခုဖြစ်တဲ့ TikTok ရဲ့ ပိုင်ရှင်အနေနဲ့ ၎င်းရဲ့ ရှယ်ယာတွေကို ရောင်းမထုတ်ပါက အမေရိကန်နိုင်ငံတစ်ဝန်း အက်ပ်အသုံးပြုမှု ပိတ်ပင်ခံရနိုင်တဲ့ ဥပဒေမူကြမ်းတစ်ခုကို အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ ထောက်ခံအတည်ပြုလိုက်ကြောင်း သိရပါတယ်။ ကုမ္ပဏီရဲ့ လက်ရှိပိုင်ဆိုင်မှုဖွဲ့စည်းပုံဟာ နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်မယ့်အရေး စိုးရိမ်ပူပန်တာကြောင့် ဥပဒေပြုအမတ်တွေက အခုလို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဥပဒေကြမ်းကို ထောက်ခံမဲ ၃၅၂ မဲ ကန့်ကွက်မဲ ၆၅ မဲနဲ့ အတည်ပြုလိုက်တာဖြစ်ပြီး ယခုအခါ အထက်လွှတ်တော် ဆီးနိတ်ကို မူကြမ်းရောက်ရှိခဲ့ပြီဖြစ်ပြီး အထက်လွှတ်တော်မှာတော့ ဘယ်လိုအခြေအနေဖြစ်လာမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။

အမေရိကန်မှာ သုံးစွဲသူ သန်း ၁၇၀ ကျော်ရှိနေတဲ့ TikTok ဟာ တရုတ်နည်းပညာကုမ္ပဏီ ByteDance Ltd က ရာနှုန်းပြည့် ပိုင်ဆိုင်တဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

အမေရိကန်ရှိ TikTok အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ByteDance ထံ တရုတ်အစိုးရက အလိုရှိချိန်တိုင်း ရယူအသုံးပြုခွင့် တောင်းဆိုနိုင်တဲ့ ချုပ်ကိုင်မှုရှိထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေက ငြင်းခုံဆွေးနွေးခဲ့ကြပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့ ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်စုဆောင်းမှုတွေမှာ ပူးပေါင်းကူညီဖို့ အတင်းအကြပ်ဖိအားပေးတဲ့ တရုတ်အမျိုးသားလုံခြုံရေးဥပဒေအရ ဒီလို စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်လာရတာလို့ ဆိုပါတယ်။

TikTok အနေနဲ့ CCP (တရုတ်ကွန်မြူနစ်ပါတီ) ထိန်းချုပ်မှုရှိရာ သူ့ရဲ့ မိခင်ကုမ္ပဏီ ByteDance က ခွဲထွက်ပြီး အမေရိကန်မှာ ဆက်လည်ပတ်ရင်ပတ် ဒါမှမဟုတ် CCP ဘက်ကရပ်တည်ပြီး ဖြစ်လာမယ့် အကျိုးဆက်တွေကို ရင်ဆိုင်ဖို့သာရှိကြောင်းနဲ့ ဒါဟာ TikTok ရဲ့ ရွေးချယ်မှုသာဖြစ်ကြောင်း ရီပတ်ဘလီကန် အမတ် မက်မောရစ္စ ရော့ဂျားစ် အာဝက်ရှ်က ပြောဆိုခဲ့ပါတယ်။

အောက်လွှတ်တော်မှာ ဥပဒေကြမ်းကို အတည်ပြုခဲ့တာဟာ ပထမအဆင့်ပဲ ရှိသေးပြီး ဥပဒေဖြစ်လာဖို့အတွက် ဆီးနိတ်မှာ ထပ်မံ အဆုံးအဖြတ်ခံယူရဦးမှာဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ကတော့ လွှတ်တော်နှစ်ရပ်ပေါင်းဖြစ်တဲ့ ကွန်ဂရက်ကသာ ဥပဒေကြမ်းကို အတည်ပြုခဲ့ပြီဆိုရင် သူ့အနေနဲ့ လက်မှတ်ရေးထိုး အတည်ပြုသွားမှာဖြစ်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။

Ref: ဝါရှင်တန်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here