တိုးချဲ့ဘုရင့်နောင် ပန်းခြံအတွင်း၌ ယာဉ်အစီးရေ ၂၀၀ ရပ်နားနိုင်မည့် ကားပါကင်ပါဝင်

0
162

ရန်ကုန် – ပုသိမ်လမ်း နှင့် ရန်ကုန် – ညောင်တုန်း လမ်းဆုံရှိ တိုးချဲ့ဘုရင့်နောင် ပန်းခြံအတွင်း၌ ယာဉ်အစီးရေ ၂၀၀ ရပ်နားနိုင်မည့် ကားပါကင် ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အဆိုပါ ပန်းခြံအတွင်း စိုက်ပျိုးနိုင်ရန်အတွက် စိန်ပန်းပင်၊ ကံ့ကော်ပင်၊ စင်္ကာပူ ချယ်ရီပင်နှင့် ခရေပင်များ ပြုစုပျိုးထောင် စိုက်ပျိုးထားမှု၊ ပန်းခြံပတ်လမ်း ကွန်ကရိလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ညောင်တုန်းကားလမ်း ဘက်အခြမ်း ပန်းခြံ အဝင်/အထွက်လမ်းအား Box Culvert နှင့်တကွ ဆောင်ရွက်ရေးနှင့် လုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်ရန် ဒုတိယမြို့တော်ဝန် ဦးညီညီကမှာကြားခဲ့သည်။

အဆိုပါ တိုးချဲ့ဘုရင့်နောင်ပန်းခြံတွင် မူလပန်းခြံအပြင် ရေပန်း၊ ပွဲကြည့်စင်၊ ပျော်ပွဲရွှင်ပွဲကျင်းပမည့်နေရာ၊ ပဒုမ္မာကြာရေပန်း၊ အရိပ်ရပန်းခြံ၊ ကလေးကစားကွင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်မည့် နေရာ၊ အမှိုက်စွန့်ပစ်ရန်နေရာနှင့် ကားအစီး(၂၀၀) ရပ်နားနိုင်မည့် ကားပါကင် ဧရိယာပါဝင်မည်ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာ အရှေ့ပိုင်း(၇)ရပ်ကွက် ရန်ကုန် – ပုသိမ်လမ်းနှင့် ညောင်တုန်းလမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံအား အဆင့်မြှင့်တင် တိုးချဲ့တည်ဆောက်မှုနှင့် စပ်လျဉ်း၍ လက်ရှိတွင် ပန်းခြံ အကျယ်အဝန်းမှာ ဧရိယာ ၃ ဒသမ ၁၂ ဧကရှိပြီး ပန်းခြံနှင့် ဆက်စပ်တည်ရှိနေသော ကုက္ကိုဝရေပေးဝေရေး စီမံကိန်းဇုန် အမှတ်(၉) မြေနေရာ ဧရိယာ ၁၀ ဒသမ ၈၈ ဧကအတွင်းသို့ တိုးချဲ့ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here