ထိုင်းရေတပ်သင်္ဘောအချင်းချင်း မတော်တဆ ပစ်ခတ်မိရာမှ ဖရီးဂိတ်တစ်စင်း ထိခိုက်ပျက်စီးမှုဖြစ်ခဲ့

0
239

ထိုင်းရေတပ်သင်္ဘော HTMS Chonburi ကနေ ပစ်လိုက်တဲ့ အမြောက်ကျည်ဟာ တခြား စစ်သင်္ဘောတစ်စင်းဖြစ်တဲ့ HTMS Khirirat ကို မတော်တဆ ထိမှန်ခဲ့တာကြောင့် သင်္ဘောမီးစွဲလောင်မှုဖြစ်ခဲ့ကာ လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒီနေ့(မတ် ၁၄) မှာ အခင်းဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်သင်္ဘောနှစ်စင်းစလုံးဟာ ချွန်ဘူရီပြည်နယ် Sattahip ရေတပ်စခန်း Laem Thian Pier မှာ ကျောက်ချထားတဲ့သင်္ဘောတွေဖြစ်တယ်လို့ ဆိုပါတယ်။

မနက် ၁၁း၅၀ နာရီမှာ အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး HTMS Chonburi ရဲ့ ရှေ့ပိုင်းအမြောက်မှ ထွက်လာတဲ့ အမြောက်ကျည်ဟာ HTMS Khirirat သင်္ဘောနောက်ပိုင်းကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ သင်္ဘောမီးစွဲလောင်ခဲ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် မီးသတ်သမားတွေ အလျင်အမြန်ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ကနဦး သတင်းတွေအရ ဖြစ်စဉ်အတွင်း ရေတပ်သင်္ဘောသားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

HTMS Chonburi ဟာ ဗုဒ္ဓဟူးနေ့က ပစ်ခတ်လေ့ကျင့်မှုတစ်ခုလုပ်ဆောင်ခဲ့ပြီးနောက် ပြင်ဆင်မှုအတွက် အခြေစိုက်စခန်းကို ပြန်ရောက်နေတာဖြစ်ပြီး လေ့ကျင့်မှုအတွင်း သင်္ဘောရဲ့ အမြောက်တွေထဲကတစ်ခုဟာ ချို့ယွင်းမှုဖြစ်ခဲ့တာကြောင့် အမြောက်ဆန် ကျန်ရှိနေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မီးစွဲလောင်ခဲ့တဲ့ စစ်သင်္ဘောဟာ ထိုင်းတော်ဝင်ရေတပ်မှာ တပ်တော်ဝင်အသုံးပြုခဲ့တာ နှစ် ၄၀ ကျော်ကြာပြီဖြစ်ပြီး အမှတ် ၁ ဖရီးဂိတ်စစ်သင်္ဘောတပ်စုပိုင် သင်္ဘောတစ်စင်းဖြစ်တယ်လို့ သိရပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here