အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်များနှင့် စားသုံးဆီများ FDA ထောက်ခံချက်ယူရမည်

0
181

အမှတ်တံဆိပ်ပါရှိသည့် ဘူးသွင်းသောက်ရေသန့်များနှင့် စားသုံးဆီများ ထုတ်လုပ်သူများအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန FDA ၏ ထောက်ခံချက်ယူရမည်ဖြစ်ပြီး အဆိုပါ ထောက်ခံချက်ပါမှသာလျှင် လိုင်စင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့သည် အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၃၈ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အဆိုပါ အမိန့်ကို မတ်လ (၄) ရက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမိန့်အရ ထိန်းချုပ်အစား အသောက်ဖြစ်သည့် အမှတ်တံဆိပ်ပါ စားသုံးဆီဖြစ်‌စေ၊ အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့် ဖြစ်စေကို ထုတ်လုပ်သူများသည် ဤအမိန့်ထွက်ရှိသည့် နေ့မှစတင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် အစားအသောက်ထုတ်လုပ်ခြင်းထာက်ခံချက် လျှောက်ထားရယူပြီးမှသာ သက်ဆိုင်ရာ အစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းသို့ လိုင်စင်လျောက်ထားခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းထံမှ လိုင်စင် ရရှိထားသော်လည်း အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်မရရှိထားပါက ဧပြီ (၁)ရက်ထက်နောက်မကျဘဲ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်လျှောက်ထားရယူရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ယင်းထောက်ခံချက်ကို လိုင်စင်ထုတ်ပေးသည့် သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းသို့ တင်ပြခြင်း ၊ လိုင်စင်သက်တမ်းတိုးခြင်းနှင့် လိုင်စင်အသစ်ပြုလုပ်ခြင်းတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်း၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်းလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here