မြန်မာနှင့် ဘရာဇီးလ်နိုင်ငံတို့အကြား အပြန်အလှန် ခရီးစဉ်များ ဖလှယ်ရေးနှင့်သံတမန်သင်တန်းကျောင်းကိစ္စဆွေးနွေး

0
144

မြန်မာနှင့် ဘရာဇီးလ် နှစ်နိုင်ငံအကြား သံတမန်များ ၊ နိုင်ငံ့ဝန်ထမ်းများ အပြန်အလှန် ခရီးစဉ်များ ဖလှယ်ရေး၊ မြန်မာသံတမန်သင်တန်းကျောင်း ပေါ်ထွက်နိုင်ရေး အကူညီပေးရေး ကိစ္စများနှင့် ပတ်သက်၍ မြန်မာသံအမတ်နှင့် ဘရာဇီးလ် သံတမန်သင်တန်းကျောင်း ယာယီအကြီးအကဲတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးအောင်ကျော်ဇံမှ မတ်လ (၁၄) ရက်၊ နံနက်ပိုင်းတွင် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်သင်တန်းကျောင်း (Rio Branco Institute)၏ ယာယီအကြီးအကဲ ဖြစ်သူ Ms. Mariana Moscardo အား သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Rio Branco Institute တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များ၊ နှစ်နိုင်ငံ သံတမန်/နိုင်ငံ့ဝန်ထမ်းများအကြား အပြန်အလှန် ခရီးစဉ်များဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထို့အပြင် မြန်မာသံတမန် သင်တန်းကျောင်း ပေါ်ထွက်နိုင်ရေးအတွက် အားပေးတိုက်တွန်း၍ သင်ရိုးညွှန်းတမ်း၊ အုပ်ချုပ်မှုနှင့် သင်ကြားရေးဆိုင်ရာ အစီအမံများနှင့် သုတေသနပြုမှု ကဏ္ဍရပ်များတွင် ဘရာဇီးလ်ဘက်မှ ပံ့ပိုးကူညီပေးရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် Ms. Mariana Moscardo မှ မြန်မာသံအမတ်ကြီးအား Rio Branco Institute အဆောက်အဦအတွင်း လိုက်လံရှင်းလင်းပြသခဲ့ပြီး ဘရာဇီးလ် သံတမန်သင်တန်းသားအချို့နှင့်လည်း မိတ်ဆက်တွေ့ဆုံပေးခဲ့ကြောင်း သိရသည်။

Rio Branco Institute သံတမန်သင်တန်းကျောင်းကို ၁၉၄၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဘရာဇီးလ် သံတမန်များအား နိုင်ငံခြားရေးဝန်ကြီးဌာန၌ မခန့်အပ်မီ လေ့ကျင့်သင်ကြားပေးခြင်း၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် သံတမန်လောကတွင် အရည်အချင်းနှင့် ကျွမ်းကျင်မှုရှိသည့် သားကောင်းတမန်များအဖြစ် ရပ်တည်နိုင်ရေး ပြုစုပျိုးထောင်ပေးခြင်းတို့အပြင် အလယ်အလတ်အဆင့်ရှိ သံတမန်များကိုလည်း ဆက်လက် လေ့ကျင့်သင်ကြားပေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နှစ်ပေါင်း(၈၀) ပြည့်မြောက်တော့မည့် သင်တန်းကျောင်း၏ သက်တမ်းတစ်လျှောက် ဘရာဇီးလ်သံတမန် အများအပြားအပြင် နိုင်ငံခြားသံတမန်များစွာတို့ကိုလည်း လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here