ဂျပန်၌ ငလျင်လှုပ်ပြီးနောက် ကြိုတင်ကာကွယ်သည့်အ‌နေဖြင့် ဖူကူရှီးမားရေဆိုးထုတ်လွှတ်မှုကို ဆိုင်းငံ့ထား

0
86

တိုကျို၊မတ် ၁၅

ဂျပန်၌ ငလျင်လှုပ်ခတ်ပြီးနောက် ကြိုတင်ကာကွယ်သောအားဖြင့် ဖူကူရှီးမားရေဆိုးစွန့်ထုတ်မှုအား ခေတ္တရပ်နားထားကြောင်း ရေဆိုးစွန့်ထုတ်ရေးလုပ်ငန်းစဉ် မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့သည့် ဆူနာမီဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် နျူစက်ရုံ၏အရှေ့မြောက်ပိုင်းရှိ ဖူကူရှီးမားဒေသကမ်းရိုးတန်းတွင် ပြင်းအား ၅ ဒသမ ၈ ရစ်ခ်တာ စကေး ရှိသည့် ငလျင်လှုပ်ခတ်မှုတစ်ခု သည် သောကြာနေ့နံနက်အ‌စောပိုင်းက ဖြစ်ပေါ်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။

“ရေဆိုးထုတ်လွှတ်မှုကို ခေတ္တရပ်နားလိုက်သော်လည်း လုပ်ငန်းလုပ်ဆောင်နေသည့်အခြေအနေများတွင် မူမမှန်မှုတစ်စုံတစ်ရာမရှိကြောင်း အဝေးမှစောင့်ကြည့်အတည်ပြုနိုင်ခဲ့သည်” ဟုလည်း Tokyo Electric Power Company (TEPCO) ကပြောကြားခဲ့သည်။

“ချို့ယွင်းမှုတစ်စုံတစ်ရာမရှိပေမဲ့ လိုရမယ်ရစောင့်ကြည့်တဲ့အနေနဲ့ရပ်လိုက်တာပါ၊ထူးခြားမှုတစ်စုံတစ်ရာမရှိရင်တော့ သောကြာနေ့နှောင်းပိုင်းလောက်ကို ရေဆိုးထုတ်လွှတ်မှု ကို ဆက်လက်လုပ်ဆောင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။

ဂျပန်သည် ယမန်နှစ် ဩဂုတ်လမှစ၍ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဖူကူရှီးမားရေဆိုးစွန့်ထုတ်မှုအား စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နှင့်ရုရှားတို့ကပြင်းပြင်းထန်ထန်ကန့်ကွက်ကာ ဂျပန်သည် သဘာဝပတ်ဝန်းကျင်အား ဖျက်ဆီးနေသည်ဟုဆိုကာ ဂျပန်ရေထွက်ကုန်များတင်ပို့ခြင်းအား တားမြစ်ခဲ့ကြသည်။

ဂျပန်နိုင်ငံသည် နှစ်စဉ် ရာနှင့်ချီသောငလျင်များကို ကြုံတွေ့ရပြီး အများစုမှာထိခိုက်ပျက်စီးမှုမရှိေပ။ ယခုနောက်ဆုံးငလျင်လှုပ်ခတ်မှုကြောင့်လည်း ထိခိုက်ဒဏ်ရာရရှိမှုသတင်းများ ချက်ချင်းထုတ်ပြန်ခြင်းမရှိသေးပေ။အလားတူပင် ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ထားခြင်းမရှိကြောင်းသိရသည်။

Source : အေအက်ဖ်ပီ/စီအမ်


LEAVE A REPLY

Please enter your comment!
Please enter your name here