ပူတင်ပေးတဲ့ ကားကိုစီးပြီး စစ်ရေးလေ့ကျင့်မှုတွေကို ကြီးကြပ်ခဲ့တဲ့ ကင်ဂျုံအန်

0
158
This picture taken on March 15, 2024 and released from North Korea's official Korean Central News Agency (KCNA) on March 16 shows North Korean leader Kim Jong Un (3rd R) and his daughter Ju Ae (2nd R) inspecting a training of the Korean People's Army at an undisclosed location in North Korea. (Photo by KCNA VIA KNS / AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ချစ်ကြည်ရင်းနှီးမှုအတွက် ရှင်းလင်းသောသက်သေပြချက်အဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပေးအပ်ထားတဲ့ ကားကို အများမြင်ကွင်းမှာ စီးနင်းခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက စနေနေ့(မတ် ၁၆) မှာ ဖော်ပြပါတယ်။

ကင်နဲ့ ပူတင်တို့ စက်တင်ဘာလအတွင်းက ရုရှားနိုင်ငံမှာ တွေ့ဆုံခဲ့ကြပြီးနောက်ပိုင်းမှစကာ ပြုံယမ်းနဲ့ မော်စကိုအကြား ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်ခဲ့ကြပြီး စစ်ရေးဆက်ဆံမှု နက်ရှိုင်းစွာထားရှိဖို့လည်း ကတိပြုခဲ့ကြပါတယ်။ မြောက်ကိုရီးယားဟာ ရုရှားကို အမြောက်ကျည်တွေနဲ့ ဒုံးကျည်တွေ ပံ့ပိုးခဲ့ပြီး ဒါတွေကို ပူတင်ရဲ့ ယူကရိန်းကျူးကျော်စစ်မှာ အသုံးပြုခဲ့တယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက်တွေကို ၎င်းတို့က ငြင်းဆိုခဲ့ကြပါတယ်။

သောကြာနေ့မှာ ရုရှား Aurus ဇိမ်ခံကားကို ကင်က စီးနင်းခဲ့တာဟာ မြင့်မားတဲ့အဆင့်သစ်တစ်ခုမှာ ကျယ်ကျယ်ပြန့်ပြန့်ဖွံ့ဖြိုးတိုးတက်နေတဲ့ မြောက်ကိုရီးယား-ရုရှား ချစ်ကြည်ရင်းနှီးမှုအတွက် ရှင်းလင်းတဲ့ သက်သေပြချက်ဖြစ်တယ်လို့ ကင်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျွန်းက ပြောဆိုကြောင်း နိုင်ငံပိုင် KCNA သတင်းဋ္ဌာနက ဖော်ပြခဲ့ပါတယ်။

ကင်ဂျုံအန်ဟာ သောကြာနေ့က လေကြောင်းစစ်ရေးလေ့ကျင့်မှုတွေကို ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး တိုက်ပွဲအတွက် လက်တွေ့ကျတဲ့ ပြင်ဆင်မှုလုပ်ထားဖို့ တိုက်တွန်းခဲ့ကြောင်း KCNA က ဆိုပါတယ်။ ယင်းစစ်ရေးလေ့ကျင့်မှုတွေကို ယခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယား-အမေရိကန် နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအပြီးမှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စစ်ပွဲနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ လက်တွေ့ကျတဲ့ လေ့ကျင့်မှုကသာ စစ်မှန်သောတိုက်ပွဲဝင် တိုက်ခိုက်ရေးသမားတွေအဖြစ် စစ်သည်တွေကို ပြင်ဆင်ထားနိုင်မှာဖြစ်တယ်လို့ ကင်က ပြောဆိုကြောင်း KCNA က ဆက်လက်ဖော်ပြခဲ့ပါတယ်။

ကင်ဟာ သောကြာနေ့က ပြုလုပ်တဲ့ ဖန်လုံအိမ် စိုက်ခင်းခြံတစ်ခု ဖွင့်ပွဲအခမ်းအနားကိုလည်း တက်ရောက်ခဲ့ကြောင်း သိရပြီး KCNA က ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ ကင်ရဲ့ သမီးဖြစ်သူ Ju Ae ဟာ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့တာလည်း တွေ့ရပါတယ်။

Ref: TOI


LEAVE A REPLY

Please enter your comment!
Please enter your name here