ရည်ညွှန်းဈေးအောက်မရောင်းနိုင်သည့် ရွှေဆိုင်များ အရောင်းအဝယ် ရပ်ထားရန် YGEA သတိပေး

0
165

ရွှေဆိုင်များအနေဖြင့် ရန်ကုန်ရွှေအသင်းက နေ့စဉ်သတ်မှတ်ပေးသည့် ရည်ညွှန်းဈေးအောက်တွင်သာ အရောင်းအဝယ်ပြုလုပ်ရန်နှင့် အကယ်၍ရည်ညွှန်းဈေးအောက်တွင် မပြုလုပ်နိုင်ပါက အရောင်းအဝယ်ရပ်ထားရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းက အသိပေးထုတ်ပြန်ထားသည်။

ယနေ့ မတ်လ (၁၆) ရက်တွင် ရွှေဈေးနှုန်း ထိန်းချုပ်ရေး အထူးအစည်းအ‌ဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ ရန်ကုန်ရွှေအသင်းဝင်များ၊ ပြင်ပရွှေဝယ်ရောင်းပြုလုပ်သူများနှင့် ရွှေဆိုင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

“ရွှေဆိုင်ဘယ်နှစ်ဆိုင်လောက် အရောင်းအဝယ်ရပ်ထားလဲ ဆိုတာတော့ အတိအကျ မသိရဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးမျိုးနဲ့ မဟုတ်ဘဲ ဈေးဆွဲတင်တဲ့ ပုံစံမျိုးဆိုရင် အရောင်းအဝယ်ရပ်ထားဖို့ ပြောထားတာရှိပါတယ်”ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြင်ပဈေးကွက်တွင် ရောင်းဝယ်နေသူများအနေဖြင့် ကောလဟာလများကို အကြောင်းပြုပြီး ဈေးကစားခြင်းများ မပြုလုပ်ကြရန်လည်း ရန်ကုန်ရွှေအသင်းက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် သတိပေးထားသည်။

ယင်းကဲ့သို့ ကောလာဟလများဖြန့်ကာ ရွှေဈေးနှုန်းကို ဈေးကစား၍ ဆွဲတင်/ဆွဲချ ပြုလုပ်နေသူများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်ခြင်းများပြုလုပ်နေကြောင်း သိရသည်။

သက်ဆိုင်ရာက သတိပေးမှုနှင့် အရေးယူမှုများ လုပ်ဆောင်နေသော်လည်း ပြည်တွင်းရွှေဈေး၌ အခေါက်ရွှေတစ်ကျပ်သား တစ်ကျပ်သား (၄၂) သိန်းနားအထိ ဆက်လက်မြင့်တက်နေကြောင်း သိရသည်။

ယနေ့ မတ်လ (၁၆) ရက်တွင် ပြင်ပဈေးကွက်အတွင်း၌ တစ်ကျပ်သား ၄၁၆၀၀၀၀ ကျပ် အထက်သို့ ရောက်လာပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၂၁၅၆ ဒေါ်လာ ဖြစ်ပြီး ရန်ကုန်ရွှေအသင်းမှ ထုတ်ပြန်ထားသည့် ပြည်တွင်းရွှေရည်ညွှန်းဈေးမှာ ၃၇၉၄၅၀၀ ကျပ်ဖြစ်‌ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here