ရုရှားကို ဒုံးကျည်တွေ ရောင်းချပေးပါက အီရန်လေကြောင်းလိုင်းကို ဥရောပသို့ ပျံသန်းခွင့် ပိတ်ပင်မည်ဟု အမေရိကန် သတိပေး

0
179

ယူကရိန်းစစ်ပွဲအတွက် ရုရှားကို ပဲ့ထိန်းဒုံးကျည်တွေထောက်ပံ့ဖို့ အရှိန်အဟုန်မြှင့်ဆက်လုပ်လာမယ်ဆိုရင် တီဟီရန်အပေါ် အနောက်စီးပွားရေးအင်အားကြီးနိုင်ငံတွေက ပိတ်ဆို့မှုအသစ်များစွာ ချမှတ်သွားမှာဖြစ်ကြောင်း အမေရိကန်နဲ့ မဟာမိတ်တွေက သောကြာနေ့မှာ သတိပေးပါတယ်။

စစ်ဖက်ထောက်ပံ့ရေးပစ္စည်းတွေ လိုအပ်နေမှုကို ပြန်ဖြည့်ဆည်းနိုင်ဖို့ ရုန်းကန်နေရတဲ့ မော်စကိုဟာ အီရန်ထံက တာတိုပစ် ပဲ့ထိန်းဒုံးတွေ ရရှိရေးကြိုးပမ်းနေတယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့က လအတော်ကြာကတည်းက သတိပေးပြောဆိုနေခဲ့တာဖြစ်ပါတယ်။

အီရန်ကနေ ရုရှားထံ ဒုံးကျည်တွေ ပို့ဆောင်ပေးနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်က လက်ရှိအထိ အတည်မပြုနိုင်သေးခြင်း မရှိပါဘူး။ ဒါပေမယ့် ယင်းအတွက် သဘောတူညီချက် ရလုနီးဖြစ်နေပြီဆိုတဲ့ အီရန်အရာရှိတွေရဲ့ မှတ်ချက်တွေကြောင့် အမေရိကန်အရာရှိတွေ စိုးရိမ်မှု ရှိနေပါတယ်။

အင်အားကြီးနိုင်ငံတွေပါဝင်တဲ့ ဂျီ-၇ အဖွဲ့ရဲ့ အရေးယူမှုအစီအစဉ်တစ်ရပ်အရ အီရန်နိုင်ငံရဲ့ အမျိုးသားလေကြောင်းလိုင်းဖြစ်တဲ့ Iran Air ကို ဥရောပသို့ ပျံသန်းခွင့် ပိတ်ပင်ရေး စဉ်းစားနေတယ်လို့ ဘိုင်ဒင်အစိုးရအဖွဲ့ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုပါတယ်။

အီရန်အနေနဲ့ ပဲ့ထိန်းဒုံးကျည်တွေ ဒါမှမဟုတ် ဆက်စပ်နည်းပညာတွေကို ရုရှားထံ ပံ့ပိုးပေးမယ်ဆိုရင် အီရန်အပေါ် ထိရောက်ပြင်းထန်တဲ့ အရေးယူမှုအသစ်တွေ အပါအဝင် ညှိနှိုင်းဆောင်ရွက်မှုဖြင့် အလျင်အမြန်တုန့်ပြန်ဆောင်ရွက်ဖို့ ပြင်ဆင်ထားကြောင်း ဂျီ-၇ ခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

အီရန်ရဲ့ ကုလသမဂ္ဂဆိုင်ရာမစ်ရှင်က ပြီးခဲ့တဲ့လမှာ ပြောဆိုရာမှာတော့ ပဲ့ထိန်းဒုံးကျည်တွေ ရောင်းချခြင်း မပြုလုပ်ဖို့ အီရန်အပေါ် တရားဝင် တားမြစ်ထားခြင်းမျိုး မရှိကြောင်း သို့ပေမယ့် ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း စစ်ပွဲကို လောင်စာထည့်ပေးတာမျိုး မဖြစ်ဖို့ရာ လက်နက်ရောင်းဝယ်ခြင်း မလုပ်ဖို့ ကျင့်ဝတ်ပိုင်းအရ တာဝန်ရှိကြောင်း ဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ ဥရောပဟာ အီရန်အပေါ် လူပုဂ္ဂိုလ်တစ်ဦးချင်းအား ပစ်မှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်သလို နိုင်ငံရဲ့ ကုန်သွယ်မှု၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ စွမ်းအင် နည်းပညာနဲ့ အခြားကဏ္ဍများသို့ ဝင်ရောက်ခွင့်ကို ကန့်သတ်ခဲ့ကြောင်း သိရပါတယ်။

Ref: Time of Israel


LEAVE A REPLY

Please enter your comment!
Please enter your name here