သံတမန်များသည် ပြဿနာကြီးများကို အနည်းဆုံးအင်အားဖြင့် ဖြေရှင်းကြရသူများဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြား

0
162

သံတမန်များသည် ကြီးမားသော ပြဿနာများကို အနည်းဆုံး အင်အားဖြင့် ရင်ဆိုင်ဖြေရှင်းကြရသူများ ဖြစ်သည့်အတွက် သတ္တိနှင့် ယုံကြည်မှုမရှိလျှင် ကျဆုံးသွားနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောကြားလိုက်သည်။

မတ်လ (၁၅)ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ညစာစားပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ဌာန၏ (၇၇) နှစ်တာကာလတစ်လျှောက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့ကြသော သားကောင်းတမန်များကိုလည်း အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုကြောင်း၊ အောင်မြင်သော သံတမန်များဖြစ်ရန် ရှေ့အစဉ်အဆက် တာဝန်ထမ်းဆောင်ခဲ့ကြသော သံတမန်များ၏ ကောင်းမွန်သော အားသာချက်များကို လေ့လာသင်ယူသကဲ့သို့ သံတမန်တစ်ဦးတွင် ရှိသင့်ရှိထိုက်သောအရည်အသွေး (Diplomatic Characteristic) များကို မြင့်မားအောင်ကြိုးစားကြရန်လိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

သံတမန်တစ်ဦး၏ အရေးကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှု Loyalty ဖြစ်ပါကြောင်း၊ သံတမန်များ အနေဖြင့် Communication Skill ၊ Language Skill ၊  Negotiation Skill အရည်အသွေးများကို အစဉ်လေ့ကျင့်၍ လေ့လာဆည်းပူးနေကြရန်လိုကြောင်း၊ မျှော်မြင်စဉ်းစားချင့်ချိန်နိုင်သည့် Strategic Thinking၊ သတ္တိနှင့် ယုံကြည်မှု (Courage and Confidence) တို့ရှိရန် အရေးကြီးကြောင်းလည်းတိုက် တွန်းပြောကြားခဲ့သည်။

နိုင်ငံခြားရေးဌာန (Foreign Affairs Department)ကိုမြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ်၊ မတ်လ (၁၇) ရက်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန စတင်တည်ထောင်သည့်နေ့အဖြစ် သတ်မှတ်ခဲ့ရာ (၇၇) နှစ်မြောက် နှစ်ပတ်လည် ခါသမယသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယနေ့မျက်မှောက်ခေတ်ကမ္ဘာတွင် နိုင်ငံအများဆုံးကျင့်သုံးနေသော ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကို ၁၉၅၄ ခုနှစ်တွင် အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့်အတူ မြန်မာနိုင်ငံက မူဝါဒစတင် ချမှတ်ခဲ့သည့် နိုင်ငံအဖြစ်လည်း အထူးဂုဏ်ယူရပါကြောင်း၊ ထိုမူဝါဒကို အခြေခံပြီး ၁၉၅၅ ခုနှစ်တွင် ကျင်းပခဲ့သော ဘန်ဒေါင်းညီလာခံတွင် ဦးဆောင်ကျင်းပသော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး၏ပြောကြား ချက်အရ သိရသည်။

ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂပြီးလျှင် ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM) ကို စတင်ဖွဲ့စည်းတည်ထောင်သော Founding member လည်းဖြစ်ခဲ့ရာ လက်ရှိ နိုင်ငံပေါင်း (၁၂၆) နိုင်ငံနှင့် သံတမန်အဆက်အသွယ်ထူထောင်ထားပြီး ပြည်ပနိုင်ငံများတွင် သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး ၅၁ ရုံးဖွင့်လှစ်ကာ နိုင်ငံ့ဝန်ထမ်းသံတမန်များ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

၎င်းအခမ်းနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အား ကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်၊ ဖိတ်ကြားထားသူများ၊ ခေတ္တ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ အငြိမ်းစား သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here