တိုက်ပွဲကြောင့် (၆)ရက်ကြာ တိမ်းရှောင်ခဲ့ရသည့် ဖားကန့်ဒေသခံများ နေရပ်ပြန်

0
155

ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနီးတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အတွက် တိုက်ပွဲရှောင်ခဲ့ရသည့် နတ်မှော်၊ မော်လကင်နှင့် ဆိုင်းတောင်ကျေးရွာတို့မှ ဒေသခံပြည်သူ (၇၀၀)ခန့်မှာ ယမန်နေ့ မတ်လ (၁၅)ရက်တွင် နေရပ်ပြန်ကြပြီဖြစ်ကြောင်း စစ်ရှောင်အရေးဆောင်ရွက်ပေးသူတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူစ်းသို့ ပြောသည်။

မတ်လ(၉)ရက်က မော်လကင်ကျေးရွာနေ ဒေသခံများ ကနဦး နေရပ်ပြန်ကြပြီးနောက်၊ ယမန်နေ့ မတ်လ (၁၅)ရက်တွင် ဖားကန့် မှော်ရှန်ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေသော ဒေသခံများ ထပ်မံ နေရပ်ပြန်ကြခြင်း ဖြစ်သည်။

“ပြန်ကုန်ကြပြီ။အခုဖြစ်နေတာကတိုက်ပွဲသံကြားပြီဆိုကြောက်ပြီး ပြန်ရောက်လာကြ။ ငြိမ်သွားရင်ပြန်သွားကြ။ ဒေသခံတွေ ဒုက္ခကလည်း မသေးဘူး။ တိုက်ပွဲတွေအားလုံးလည်း ပြီးစေချင်ပါပြီ။ နောက်ပိုင်း စစ်ရှောင်ရတယ်ဆိုတာမျိုးက ရိုးနေတဲ့ ပုံစံတောင်ဖြစ်လာတယ် “ဟု ၎င်းက ပြောသည်။

ယနေ့ မတ်လ(၁၆)ရက်တွင် ဖားကန့်မြို့နယ် ဆိုင်တောင်တွင် ယခင်ရက်က စစ်ရေးတင်းမာခဲ့သည့် အခြေအနေမျိုးမရှိတော့ဘဲ တိုက်ပွဲသံများ ငြိမ်သက် နေကြောင်း ဆိုသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများမှာ ဖားကန့်မြို့နယ်တွင်သာမက ဝိုင်းမော်၊ မံစီ၊ ရွှေကူ၊ ဗန်းမောက်၊ ဗန်းမော်၊ မြစ်ကြီးနားစသည့် ဒေသများတွင်လည်း နှစ်ဖက်ထိ‌တွေ့တိုက်ပွဲများဖြစ်နေခြင်းကြောင့် ဒေသခံပြည်သူ အမြောက်အများ ထွက်ပြေးတိမ်းရှောင်နေရသည့် အခြေအနေဖြစ်သည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here