ကချင်ပြည်နယ်အတွင်း ပိုးမွေးမြူရေးနှင့် ပိုးချည်စက်ရုံတည်ဆောက်မည်

0
167

ကချင်ပြည်နယ်အတွင်း ပိုးမွေးမြူရေးနှင့် ပိုးချည်စက်ရုံ တည်ထောင် အကောင်အထည်ဖော်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရေး Randoo (Myanmar) Silk Crop.,Ltd နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

ကချင်ပြည်နယ်အတွင်း ပိုးမွေးမြူရေးနှင့် ပိုးချည်စက်ရုံတည်ထောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၁၄)ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

ထိုသို့ အမှာစကား ပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ပိုးချည်စက်ရုံ တည်ထောင်အကောင်အထည်‌ဖော်နိုင်ရေး ယခုလို လာရောက်တင်ပြမှုကို လှိုက်လှဲစွာ ကြိုဆိုကြောင်းနှင့် ပြည်နယ်အတွက် အကျိုးဖြစ်ထွန်းစေသည့် ရင်းနှီးမြှုပ်နှံမှုများကို ဥပဒေ၊ နည်းဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် Randoo (Myanmar) Silk Crop.,Ltd မှ ဒါရိုက်တာ မစ္စတာလီဖှိန်းကျုံးက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၌ ပိုးစာခြံနှင့် ပူးပေါင်း၍ ပိုးချည်စက်ရုံတည်ထောင်နိုင်ရေးနှင့် အထွက်တိုး ပိုးမွေးမြူရေး၊ ကုန်ကြမ်းရရှိရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ တက်ရောက်လာသူများက လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ပိုမိုကောင်းမွန်သော လုပ်ငန်းစီမံကိန်းများဖြစ်စေရေး၊ ပိုးချည်စက်ရုံတည်ထောင်နိုင်ရေး လို အပ်သည့် ကုန်ကြမ်းပိုးမျိုးများ မွေးမြူနိုင်ရေး၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖြစ်စေရေး ဖြည့်စွက်သုံးသပ်ဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here