အိန္ဒိယရေတပ်က ဆိုမာလီပင်လယ်ဓ-ါးပြတို့ လက်တွင်းမှ ကုန်တင်သင်္ဘောတစ်စင်းကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး သင်္ဘောသား ၁၇ ဦးကို ကယ်ဆယ်

0
199

အထူးကွန်မန်ဒိုတွေပါဝင်တဲ့ အိန္ဒိယရေတပ်ဖွဲ့ဟာ ဆိုမာလီပင်လယ်ဓ-ါးပြတွေ အပိုင်စီးထားတဲ့ ကုန်တင်သင်္ဘောတစ်စင်းကို ပြန်သိမ်းယူခဲ့ပြီး သင်္ဘောသား ၁၇ ဦးကို ကယ်ဆယ်ခဲ့တယ်လို့ ရေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

မော်တာနိုင်ငံအလံလွှင့် ကုန်သင်္ဘောကြီး MV Ruen ပေါ်ရှိ ပင်လယ်ဓ-ါးပြ ၃၅ ဦးစလုံး အညံ့ခဲ့ကြပြီး သင်္ဘောပေါ်မှာ တရားမဝင် လက်နက်ခဲယမ်းတွေ၊ မှောင်ခိုပစ္စည်းတွေ ပါရှိလာသလားဆိုတာကို ရှာဖွေစစ်ဆေးမှုလုပ်ခဲ့ကြောင်း စနေနေ့(မတ် ၁၆) က ဆိုရှယ်မီဒီယာပလက်ဖောင်း X ပေါ်တင်ခဲ့တဲ့ ပို့စ်တစ်ခုမှာ ရေတပ်က ပြောဆိုပါတယ်။    

MV Ruen ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က အပိုင်စီးခံခဲ့ရတာဖြစ်ပြီး ၎င်းတို့က သောကြာနေ့မှာ ပထမဆုံး ဝင်ရောက်စီးနင်းမှုလုပ်ခဲ့တာဖြစ်တယ်လို့ ရေတပ်က ပြောဆိုခဲ့ပါတယ်။

သင်္ဘောနဲ့ ၎င်းတို့ရည်ရွယ်ချက်နဲ့ မဆိုင်သော အရပ်သားတွေကို လွှတ်ပေးဖို့၊ နောက် လက်နက်ချအညံ့ခံကြဖို့ သင်္ဘောပေါ်က ဓ-ါးပြတွေကို တိုက်တွန်းခဲ့တယ်လို့လည်း ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။ အိန္ဒိယရေတပ်ဟာ ဒေသတွင်းရှိ ပင်လယ်ပြင်လုံခြုံရေး၊ ပင်လယ်ကူးသင်္ဘောတွေလုံခြုံရေးအတွက် ကတိကဝတ်ပြုထားရှိဆဲဖြစ်ကြောင်း ရေတပ်က ဆက်လက် ပြောဆိုခဲ့ပါတယ်။

ယခုသီတင်းပတ် အစောပိုင်းက ဆိုမာလီကမ်းလွန်မှာ ဘင်္ဂလားဒေ့ရှ်အလံလွှင့် ကုန်သင်္ဘောတစ်စင်း သိမ်းပိုက်ခံခဲ့ရမှုမှာ MV Ruen ကို အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြုခဲ့တာဖြစ်နိုင်တယ်လို့ ဥရောပသမဂ္ဂရေတပ်ဖွဲ့က ပြောဆိုပါတယ်။

ဒီဇင်ဘာလအတွင်းက Ruen ကုန်သင်္ဘောကြီး အပိုင်းစီးခံခဲ့ရတာဖြစ်ပြီး ဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ဆိုမာလီပင်လယ်ဓ-ါးပြတွေရဲ့ ပထမဆုံး သင်္ဘောအပိုင်စီးနိုင်မှုဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ ရေတပ်ဖွဲ့တွေက အေဒင်ပင်လယ်ကွေ့နဲ့ အိန္ဒိယသမုဒ္ဒရာမှာ ပင်လယ်ဓ-ါးပြ နှိမ်နင်းမှုစစ်ဆင်ရေးတွေကြောင့် ၂၀၁၇ ခုနှစ်ကစလို့ ပင်လယ်ဓ-ါးပြရန် ငြိမ်းသွားခဲ့တာဖြစ်ပါတယ်။

ဆိုမာလီပင်လယ်ဓ-ါးပြတွေဟာ အရေးပါတဲ့ ကမ္ဘာလုံးဆိုင်ရာ ရေလမ်းကြောင်းတွေမှာ ဆယ်စုနှစ်တစ်ခုလောက် မငြိမ်မသက်ဖြစ်စေခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ တိုက်ခိုက်မှုတွေ ပြန်စမလာခင်အထိ အတော်ငြိမ်သက်သွားခဲ့တာဖြစ်ပါတယ်။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here