တာချီလိတ်နယ်စပ်ဒေသတွင် အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာလုပ်ငန်းစဉ်များကို MACCS စနစ်ဖြင့် ဆောင်ရွက်မည်

0
215

မတ်လ (၂၂) ရက်မှစတင်ပြီး တာချီလိတ်နယ်စပ်ဒေသတွင် အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို MACCS စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

အကောက်ခွန်ဦးစီးဌာနသည် ရန်ကုန်ဧရိယာ၊မြဝတီနယ်စပ်ဒေသ ၊ မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတို့တွင် မြန်မာကုန်စည်အလိုအလျောက်ရှင်းလင်းရေးစနစ်ကို အသုံးပြုလျက်ရှိပြီး ယခုအခါ တိုးချဲ့ဒေသအဖြစ် တာချီလိတ်နယ်စပ်၌ ၂၀၂၄ ခုနှစ် မတ်လ (၂၂)ရက်တွင် စတင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်နယ်စပ်တွင် MACCS စနစ် အောင်မြင်စွာအသုံးပြုနိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ ၊ကုန်သွယ်မှုဆက်စပ်ဌာနများ၊ တာချီလိတ်နယ်စပ် ကုန်သည်ကြီးများအသင်း၊ တာချီလိတ်မြို့ရှိ ကုန်ပစ္စည်းတင်သွင်း၊တင်ပို့သည့် ကုမ္ပဏီများနှင့် အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းတို့၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အကောင်အထည်ဖော်ရာတွင် ကုန်သွယ်မှုဆက်စပ်ဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း၊ MACCS User များအတွက် စနစ်အသုံးပြုမှုဆိုင်ရာစာတွေ့လက်တွေ့သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းနှင့် စမ်းသပ်အသုံးပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

အကောက်ခွန်ဦးစီးဌာနသည် တာချီလိတ်နယ်စပ်နှင့် ဆက်စပ်သည့်ကုန်သွယ်မှုလမ်းကြောင်း တလျှောက်ရှိ စစ်ဆေးရေးစခန်းများတွင် တင်သွင်း/တင်ပို့ လုပ်ငန်းများနှင့် ဆက်စပ်သည့် အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို MACCS စနစ်ဖြင့်ဆောင်ရွက်မည်ဖြစ်သည့်အတွက် တာချီလိတ်နယ်စပ်ဒေသတွင် တင်သွင်းတင်ပို့ လုပ်ငန်းများဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် မတ် (၂၂)ရက်မှစတင်ပြီး MACCS ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here